ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်သို့ အွန်လိုင်းမှတစ်ဆင့် မိုဘိုင်းဖုန်းသို့ SMS ပေးပို့နိုင်မည့် Myan Talk VOIP ဝန်ဆောင်မှုသစ် စတင်

ပို့စ်တင်ချိန် - 5/07/2014 03:00:00 PM




အွန်လိုင်းမှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်သော VOIP ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Myan Talk ဝန်ဆောင်မှုကို စတင်လိုက်ကြောင်း သတင်းရရှိသည်။



Myan Talk မှာ မိမိခေါ်ဆိုလိုသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကြိုးဖုန်းများနှင့် မိုဘိုင်းဖုန်းများသို့ ချိတ်ဆက်၍ ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ဆောင်ရွက်ထားသော VOIP ဝန်ဆောင်မှုဖြစ်သည်။ နိုင်ငံအသီးသီးမှလည်း မြန်မာနိုင်ငံသို့ ဈေးသက်သာစွာဖြင့် အပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကာ Myan Talk အကောင့်တွင် မှတ်ပုံတင်လုပ်ရုံဖြင့် ပထမဦးဆုံး စမ်းသပ်ခေါ်ဆိုနိုင်ရန် မြန်မာကျပ်ငွေ ၁၀၀ ကို ထည့်သွင်းပေးထားကြောင်း၊ မိမိအသုံးပြုလိုသည့် ငွေပမာဏကို ကြိုတင်ထည့်သွင်းပေးရန်သာ လိုမည်ဖြစ်ကြောင်း၊ အသုံးပြုခြင်းအတွက် လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးစရာမလိုကြောင်း သိရသည်။ ဖုန်းခေါ်ဆိုနိုင်သည့် အကောင့်သည် သက်တမ်းလွန်ရက်စွဲ (Expire Date) ရှိမည်မဟုတ်ကြောင်း တာဝန်ရှိသူက ပြောသည်။



“အဓိကဝန်ဆောင်မှုကတော့ VOIP ဖုန်းခေါ်မှုအပြင် ထူးခြားတာက e-Commerce Website တွေအတွက် မြန်မာဖုန်းတွေနဲ့ ကမ္ဘာအနှံ့ရှိဖုန်းတွေကို တိုက်ရိုက် Mobile SMS ပို့လို့ရမှာဖြစ်ပါတယ်” ဟု Myan Talk မှ တာဝန်ရှိသူက ပြောသည်။ Myan Talk အား Windows, Android, iOS, BlackBerry, Nokia Symbian, Window Phone များမှတစ်ဆင့် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အင်တာနက်ရှိရုံဖြင့် ကွန်ပျူတာမလိုအပ်ဘဲ Myan Talk \ Internet Phone Adapter များ အသုံးပြု၍လည်း ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံအတွင်းရှိ GSM, WCDMA, CDMA 800MHz, CDMA 450MHz, MEC Tel ဖုန်းစသည့် ဖုန်းအမျိုးအစားအားလုံး Myan Talk အကောင့်ရှိရုံဖြင့် အွန်လိုင်း SMS ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။



ကမ္ဘာနေရာအနှံ့ရှိ မည်သည့် မိုဘိုင်းဖုန်းအမျိုးအစားကိုမဆိုလည်း Myan Talk Account ဖြင့်လည်း အွန်လိုင်း SMS ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ Web Developer များ၊ Application Developer များအနေဖြင့်လည်း Myan Talk ကို အသုံးပြု၍ အွန်လိုင်း SMS လုပ်ဆောင်ချက်အား ထည့်သွင်းအသုံးပြုနိုင်ကြောင်း ဆိုသည်။ ခေါ်ဆိုခခန့်မှန်းနှုန်းထားများအနေဖြင့် မလေးရှားနိုင်ငံသို့ တစ်မိနစ်လျှင် ၁၁ ကျပ်၊ စင်ကာပူနိုင်ငံသို့ တစ်မိနစ်လျှင် ၈ ကျပ်၊ တရုတ်နိုင်ငံသို့ တစ်မိနစ်လျှင် ၈ ကျပ်၊ ထိုင်းနိုင်ငံသို့ တစ်မိနစ်လျှင် ၁၁ ကျပ် အစရှိသည်ဖြင့် ခေါ်ဆိုနှုန်းထား အတိအကျကို ဖော်ပြပေးထားကြောင်း တွေ့ရသည်။ Myan Talk အား Desktop, Laptop, Mobile Phone, Tablet များမှတစ်ဆင့် အလွယ်တကူ ခေါ်ဆိုနိုင်မည်ဖြစ်သည်။



အဆိုပါ ဝန်ဆောင်မှုနှင့် ပတ်သက်၍ www.myantalk.com တွင် အသေးစိတ်ဖတ်ရှုနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုအသုံးပြုရာတွင် ဝက်ဘ်ဆိုက်၌ ငွေဖြည့်သွင်းလိုပါက MyanPay Online စနစ်ဖြင့် ငွေဖြည့်သွင်း၍ ရရှိနိုင်ကြောင်း သိရသည်။ Myan Talk Account User Name ကို ဖြည့်စွက်ကာ မိမိဖြည့်သွင်းလိုသော Top Up Amount ကို ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယင်းနောက် MyanPay Express Checkout Buttom ကို နှိပ်၍ အော်ဒါမှာယူနိုင်ပြီး MyanPay ဖြင့် အွန်လိုင်းငွေပေးချေမှုစနစ် ပြုလုပ်ကာ ငွေပေးချေရမည်ဖြစ်ကြောင်း သိရသည်။ မိမိပေးပို့လိုက်သော Payment ကို တစ်ဖက်မှ လက်ခံရရှိပြီးသည်နှင့် တစ်ပြိုင်နက် Myan Talk Account ထဲသို့ VOIP Credit များ ချက်ချင်းရရှိမည်ဖြစ်ကြောင်း သိရသည်။



ထွန်းထွန်း
Internet Journal