ကုမ္ပဏီဝန်ထမ်းတွေအတွက် တစ်နေ့တာ စိတ်ဖိစီးမှုတွေ လျှော့ချပစ်နိုင်မယ့် အချက် (၈) ချက်

ပို့စ်တင်ချိန် - 5/07/2014 12:04:00 PM




မေသော် on 2014-05-06 16:15    
ကုမ္ပဏီဝန်ထမ်းတွေတာ တစ်နေ့တာ ဖြတ်သန်းတဲ့အခါ ဖိစီးမှုပေါင်းများစွာနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အလုပ်ခွင်မှာသာမက နေ့စဉ် ကြုံတွေ့လာရတဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းအောင် ကြိုးစားရမှာပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့တစ်နေ့တာကို အဆင်ပြေပြေနဲ့ ဖိစီးမှုမရှိဖြတ်သန်းနိုင်ဖို့ ဒီအချက်လေးတွေအတိုင်း ကြိုးစားကြည့်လိုက်ပါလား။

နံနက် ၇း၀၀ နာရီ (အိပ်ယာထချိန်)

မနက်အိပ်ယာထချိန်အတွက် alarm ပေးထားတဲ့ နာရီကြောင့် ၀ုန်းခနဲ အိပ်ယာက ကောက်ထလိုက်ပြီး နှိုးစက်နာရီကို ပိတ်ပစ်လိုက်ရတာမျိုးဟာ သင့်ကို ဖိစီးမှုဖြစ်စေပါတယ်။ ပိုဆိုးတာက နှိုးစက်အသံကိုလည်း သီချင်းသံလေး၊ သာယာ နာပျော်ဖွယ်ရှိတဲ့အသံမျိုး လုပ်မထားဘဲ ၀ရုန်းသုန်းကားနဲ့ သင့်ကို လန့်ဖျန့်စေမယ့်အသံမျိုးဖြစ်နေတာဟာ သင့်အတွက် တော်တော်ကို ဆိုးပါတယ်။

နံနက် ၈း၀၀ (ရုံးသွားချိန်)

ရုံးသွားတဲ့အချိန်မှာ နားထောင်တဲ့ သီချင်းမျိုးဟာ ကျယ်လောင်ပြီး၊ တန်ပိုမြန်မြန်နဲ့ ဖန်တီးထားတဲ့ သီချင်းမျိုးထက်စာရင် slow rock လို၊ ပေါ့ပ်လို သီချင်းမျိုးတွေသာ ပိုနားထောင်သင့်ပါတယ်တဲ့။

နံနက် ၉း၃၀ (ရုံးရောက်ချိန်)

ရုံးရောက်ပြီဆိုရင် ကိုယ့်စားပွဲကို သန့်ရှင်းရေးလုပ်ရင်လုပ်၊ ပြတင်းပေါက်ရှိရင် ပြတင်းပေါက်ဖွင့်တာတို့၊ ကွန်ပျူတာကို နည်းနည်းသန့်ရှင်းပေးတာတို့ စတာတွေကို လုပ်သင့်ပါတယ်။ ကွန်ပျူတာဖွင့်ပြီး အီးမေးလ်တန်းစစ်တာမျိုးတော့ မလုပ်လိုက်ပါနဲ့။ ဒါဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ အချက်မို့လို့ပါပဲ။

နေ့လည် ၁၁း၀၀ (အစည်းအဝေးပွဲ)

အစည်းအဝေးလုပ်တော့မယ်ဆို ဟိုဟာပြင်ရ၊ ဒီဟာပြင်ရနဲ့ အလုပ်တွေရှုပ်၊ စိတ်ဖိစီးမှုတွေ ဖြစ်တတ်တာမို့ အဲ့ဒီလိုအချိန်မှာ အစည်းအဝေးခန်းထဲ မ၀င်ခင် အသက်ကို ၀အောင်ရှုပါ။ ငါ ဒါတွေ လုပ်နေကျ၊ အေးဆေးပါလို့ စိတ်ထဲသွင်းပြီး အစည်းအဝေးခန်းထဲ ၀င်လိုက်ပါ။

နေ့လည် ၁၂း၃၀ (ထမင်းစားချိန်)

နေ့လည်စာ စားတော့မယ်ဆိုရင် စားနေချိန်အတွင်း ဟိုဟာလုပ်၊ ဒီဟာလုပ်ခြင်းမျိုးတွေ ရှောင်ပါ။ ဦးနှောက်ကိုလည်း အနားခဏပေးဖို့ လိုနေတာကြောင့် အဲ့ဒီအချိန် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းတူတူစားတာမျိုး လုပ်ပေးပါ။ သူတို့နဲ့အတူ ထမင်းစားရင်း စကားပြောတာဟာ သင့်ရဲ့ဖိစိးမှုကို လျှော့ချပေးနိုင်ပါတယ်။

နေ့လည် ၂း၃၀ (လူမှုကွန်ယက် အသုံးပြုချိန်)

အလုပ်တွေရှုပ်လွန်းလို့ facebook လို twitter လို လူမှုကွန်ယက်တွေမသုံးဖြစ်ဘူးဆိုရင် နေ့လည်အလုပ်နည်းနည်းပါးတဲ့အချိန် ၂နာရီခွဲလောက်မှာ သုံးပါ။ စိတ်လက်ပေါ့ပေါးစေဖို့ သုံးတာဖြစ်တဲ့အတွက် ကိုယ်နဲ့အဆင်မပြေတဲ့သူတွေနဲ့ အငြင်းအခုန်လုပ်ဖို့၊ post တွေ တစ်ခုပြီးတစ်ခုတင်ပြီး တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်နေတာမျိုးတွေ မလုပ်ပါနဲ့။

ညနေ ၄း၃၀ (ရုံးဆင်းချိန်)

ဒီလိုအချိန်မှာ ဖြစ်နိုင်ရင် ကော်ဖီသောက်တာမျိုးးတွေ မပြုလုပ်ပါနဲ့။ ကော်ဖီက သွေးဖိအားကို တိုးမြှင့်ပေးပြီး စိတ်ဖိစီးမှုကို ပိုမိုဖြစ်စေနိုင်တာကြောင့်ပါ။

ည ၆း၃၀ (အိမ်မှာအနားယူချိန်)

အိမ်ပြန်ရောက်တာနဲ့ ခဏအနားယူနေတဲ့အချိန်လေးအတွင်းမှာ အိမ်အတွက် ဟင်းချက်ရဦးမယ်၊ ညစာအတွက် ဘာချက်ရင်ကောင်းမလဲဆိုတာမျိုးတွေ တွေးရင်း အိပ်ယာပေါ်အနားယူတာမျိုး ရှောင်ပါ။



Ref:womenshealthmag.com
trend Myanmar