မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများတွင် ဗီဇာလျှောက်ရာ၌ တင်းကျပ်သော အခြေအနေများနှင့် ရင်ဆိုင်နေရ

ပို့စ်တင်ချိန် - 5/07/2014 09:18:00 PM


 မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံခြား တိုင်းပြည်များသို့ ပြည်ဝင်ခွင့် လျှောက်ထားရာ တွင် တင်းကျပ်သော အခြေအနေ နှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံ တကာ ပြည်ဝင်ခွင့် စစ်တမ်းတစ် စောင်၌ ဖော်ပြသည်။

နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော Henley & Part-ners က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ နိုင်ငံအသီးသီး၏ ပြည်ဝင်ခွင့် တင်းကျပ်မှု ညွှန်းကိန်းတွင် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက် မှတ်မှာ ပြည်ပနိုင်ငံများသို့ ဝင်ရောက်ရာတွင် ဝင်ခွင့်ရရှိရန် ခက်ခဲနေခြင်း ဖြစ်သည်။

နိုင်ငံပေါင်း ၂၁၉ နိုင်ငံ၏ ပြည်ဝင်ခွင့်တင်းကျပ်မှုညွှန်းကိန်းကို အခြေခံ၍ အမှတ်ပေးထားသော စစ်တမ်းတွင် မြန်မာနိုင်ငံက အင်ဂိုလာ၊ အီရန်တို့နှင့်အတူ အဆင့်(၈၆)တွင် ရပ်တည်နေခြင်းဖြစ်ပြီး အီရတ်က အဆင့်(၉၂) နှင့် အာဖဂန်နစ္စတန်က အဆင့် (၉၃)ဖြင့် နောက်ဆုံးနေရာတွင် ရပ်တည်နေကြသည်။

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် နိုင်ငံခြား ပြည်ဝင်ခွင့် လျှောက်ထားရာ၌ အခက်အခဲများရှိနေပြီး အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ သွားရောက်ရာတွင် ပိုမိုတင်းကျပ်သော စည်းမျဉ်းများနှင့် ရင်ဆိုင်နေရသည်။

‘‘နိုင်ငံကြီးတွေကို သွားမယ်ဆိုရင်တော့ ဗီဇာဝင်တဲ့အခါ အခက်အခဲရှိတယ်။ ကိုယ့်နိုင်ငံကလူတွေ သူတို့နိုင်ငံမှာ ပြောင်းရွှေ့ နေထိုင် အခြေချမယ်လို့ ထင်နေတယ်။ ပညာတတ်ဆိုရင် သူတို့က ပိုရစ်တယ်’’ဟု ပြည်ပနိုင်ငံများသို့ ခရီးသွားလာနေသော အမျိုးသမီးတစ်ဦးက ပြောသည်။

နိုင်ငံခြားသံရုံးများတွင် ပြည်ဝင်ခွင့်လျှောက်ထားရာ၌ အသွားအပြန် လေယာဉ်လက်မှတ်၊ အလုပ်ခေါ်စာ၊ ဖိတ်ခေါ်စာနှင့် ပိုင်ဆိုင်မှုအထောက်အထားများ တင်ပြရန် စည်းမျဉ်းများကို သံရုံးအများစုက သတ်မှတ်ထားသည်။

‘‘အမေရိကန်ဗီဇာလျှောက်တဲ့ ကျောင်းသားတွေ ဗီဇာရဖို့ မလွယ်ဘူး။ ယူကေတို့၊ သြစတြေးလျတို့ကတော့ မိဘရဲ့ဝင်ငွေက ဘယ်ကဝင်လည်းဆိုတဲ့အချက်နဲ့ ဘဏ်စာရင်းကို သေချာပြနိုင်ရင် ဘာကြောင့် အဲဒီနိုင်ငံကိုသွားမှာလဲဆိုတဲ့ အကျိုးအကြောင်းခိုင်လုံမှုကို ပြနိုင်ရင် ဗီဇာရတယ်။ စင်ကာပူကတော့ အဲဒီနိုင်ငံတွေလောက် မဆိုးဘူး။ အဓိကကတော့ ကျောင်းသားရဲ့မိဘက ကျောင်းသားကို စင်ကာပူမှာ ကျောင်းထားနိုင်မယ့် လုံလောက်တဲ့ ဝင်ငွေနဲ့ ဘဏ်စုငွေရှိဖို့ပဲ’’ဟု နိုင်ငံတကာပညာရေးဝန်ဆောင်မှု လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

 ၂၀၁၃ ခုနှစ်ကို အခြေခံ၍ Henley & Partners က ထုတ်ပြန်ခဲ့သော ပြည်ဝင်ခွင့်တင်းကျပ်မှု ညွှန်းကိန်းတွင် စင်ကာပူနိုင်ငံက အဆင့်(၆)နှင့် မလေးရှားနိုင်ငံက အဆင့်(၉)တွင် ရပ်တည်နေပြီး ဖင်လန်၊ ဆွီဒင်နှင့် ဗြိတိန်နိုင်ငံ သားများသည် ကမ္ဘာ့တစ်လွှား ခရီးသွားလာမှုအတွက် အကောင်းဆုံး  နိုင်ငံကူးလက်မှတ်  ကိုင်ဆောင်ထားသူများအဖြစ် အဆင့် (၁)တွင် ရပ်တည်နေသည်။

နေလင်းထွန်း
7DAY DAILY