လူနှစ်ဦးကို ကားဖြင့်တိုက်ပြီး ယာဉ်မောင်းထွက်ပြေး

ပို့စ်တင်ချိန် - 5/07/2014 12:03:00 PM




ဖြိုးဝေလင်း၊ ကျော်စိုးမိုး
ရန်ကုန်၊ မေ ၆

ဗဟန်းမြို့နယ်၊ တော်လှန်ရေးပန်းခြံအနီးတွင် လမ်းဖြတ်ကူးသူ အမျိုးသားနှစ်ဦးကို ၀င်တိုက်မိပြီး ထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု မေ ၅ ရက်၊ ည ၁၀ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး က သတင်းထုတ်ပြန်ထားသည်။

“ဖြစ်တာက ညဘက်ကြီး။ ပြီးတော့ အဲဒီနားက လူလည်းပြတ်တော့ ယာဉ်နံပါတ်တွေလည်း မသိလိုက် ဘူး။ တွေ့တဲ့သူတွေကတော့ အဖြူရောင်လို့ပဲ ပြောတယ်။ ကားအမျိုးအစားလည်း မသိဘူး။ ကျွန်တော်တို့ ကတော့ စုံစမ်းနေတုန်းပါ”ဟု ဗဟန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၀)မှယာဉ်ထိန်းရဲတစ်ဦးက ပြောသည်။

ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း
တော်လှန်ရေးပန်းခြံဘက်မှ ရွှေဂုံတိုင် မီးပွိုင့်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)၊ မောင်းနှင်လာသော (ယာဉ်အမှတ်၊ ယာဉ်အမျိုးအစားမသိ) အဖြူရောင်ယာဉ် သည် အနောက်ရွှေဂုံတိုင်(၁)လမ်း အရောက်တွင် လမ်းဖြတ်ကူးသူ အမျိုးသား နှစ်ဦးကို တိုက်မိခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်တိုက်မိမှုကြောင့် အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးသည် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးခဲ့ပြီး အသက်(၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်ကုသနေသော်လည်း စိုးရိမ်ရသည့် အခြေအနေရှိနေသည်ဟု ဗဟန်းမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စု(၂၀)မှ ယာဉ်ထိန်းရဲက ဆက်လက်ပြောကြားသည်။

“အခု အခြေအနေက ယာဉ်မောင်းကိုလည်း စုံစမ်းလို့ မရသေးဘူး။ သေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူကလည်း ဘယ်မှာနေမှန်း မသိသေးဘူး။ တိုက်ခံရတာ နှစ်ယောက်၊ တစ်ယောက်က ပွဲချင်းပြီးသေပြီး နောက်တစ် ယောက်က အခုထိ သတိမရသေးတော့ စုံစမ်းလို့ မရသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မောင်းကို အရေးယူပေးပါရန် တိုင်ကြားမှုကို ဒု-ရဲအုပ်မျိုးတင့်က တရား လိုပြုလုပ်ကာ ဗဟန်းရဲစခန်းမှ ယာဉ်(ပ)၅၁/၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ ဖြင့်အမှုဖွင့် စုံစမ်းလျက် ရှိသည်။

ယခုကဲ့သို့ ဖြစ်စဉ်မျိုး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၁ နာရီ ခန့်က လှိုင်မြို့နယ်၊ ဗဟိုလမ်း မပေါ်တွင် ဖြစ်ပွားခဲ့ဖူးပြီး လူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကာ တိုက်မိခဲ့သော ယာဉ်နှင့် ယာဉ် မောင်းကို ယနေ့တိုင် ဖမ်းမိခြင်း မရှိသေးပေ။

Mizzima - News in Burmese