အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီးနောက် ကြိမ်ဒဏ်ပေးခံရဖွယ်ရှိသည့် အင်ဒိုအမျိုးသမီး

ပို့စ်တင်ချိန် - 5/07/2014 09:00:00 PM


အင်ဒိုနီးရှား နိုင်ငံတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ခံရသည့် အမျိုးသမီး တစ်ဦးအား လူမှုရေး ဖောက်ပြန်မှု စွဲချက်ဖြင့် ကြိမ်ဒဏ်ချမှတ်ခြင်း ခံရမည့် အရေးနှင့် ကြုံနေကြောင်း သိရှိရသည်။ အသက်(၂၅)နှစ်အရွယ် မုဆိုးမ တစ်ဦးသည် အိမ်ထောင်သည် အမျိုးသား တစ်ဦးနှင့် ဆက်နွယ်မှု ရှိနေသည်။ သူမသည် အသက်(၄၀)အရွယ်ရှိပြီး ကလေး(၅)ဦး၏ ဖခင်နှင့်အတူ အာချေးရှိ နေအိမ်တွင် ရှိနေစဉ် စေတနာ့ဝန်ထမ်း စုဖွဲ့ထားသည့် ဥပဒေစိုးမိုးရေး အဖွဲ့တစ်ခုက အတင်းဝင်ရောက်လာခဲ့သည်။ ထို့နောက် အမျိုးသားကို ကြိုးတုပ်ပြီး ရိုက်နှက် ကန်ကျောက်ခဲ့ကြသည်။

အမျိုးသမီးမှာမူ ပြစ်ဒဏ်ပေးသည်ဆိုသော အကြောင်းပြချက်ဖြင့် အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း ခံရပြီးနောက် ဒေသတွင်းရှိ ဘာသာရေး ရဲဌာနသို့ ပို့ဆောင်ခဲ့သည်။ အာချေးသည် အင်ဒိုနီးရှားတွင် အစ္စလာမ်မစ် ရှာရီရာ ဥပဒေကို ကျင့်သုံးသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ အမျိုးသမီး၏ နေအိမ်ထဲသို့ ဝင်ရောက်လာသူများတွင် အရွယ်ရောက်ပြီး အမျိုးသား (၇)ဦးနှင့် အသက်(၁၃)နှစ်အရွယ် ယောက်ျားလေး တစ်ဦးတို့ ပါဝင်သည်။ ယင်းအဖွဲ့သည် အမျိုးသမီးကို ဝိုင်းဝန်း မုဒိမ်းကျင့်ခဲ့သော်လည်း အဓိက တိုင်ကြားသည့် ကိစ္စမှာ အမျိုးသမီး၏ လူမှုရေး ဖောက်ပြန်မှုသာ ဖြစ်နေကြောင်းလည်း သိရသည်။

“အဲဒီအတွဲကို ကျွန်တော်တို့ ကြိမ်ဒဏ်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ဟာ ဘာသာရေး သတ်မှတ်ချက်တွေကို ဖီဆန်ဖောက်ပြန်တဲ့ လိင်ဆက်ဆံမှု ရှိခဲ့တယ်လေ”ဟု အာချေးပြည်နယ်၊ လန်ဆာမြို့ရှိ ဘာသာရေး ရဲတပ်ဖွဲ့ အကြီးအကဲ အီဘရာဟင်မ် လာတစ်ဖ်က ဂျကာတာတိုင်းမ် သတင်းစာသို့ ပြောကြားခဲ့သည်။ ၎င်းကပင် ယခုဖမ်းဆီးထားသည့် အမျိုးသားနှင့် အမျိုးသမီးတို့သည် ယခင်က အကြိမ်အချို့ အတူနေခဲ့ဖူးသည်ဟု ဝန်ခံခဲ့ကြောင်းလည်း ဆိုသည်။ အမျိုးသမီး အနေဖြင့် အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း ခံရသည့်တိုင် ယင်းအခြေအနေသည် သူမ၏ လူမှုရေး ဖောက်ပြန်မှုအတွက် ပြစ်ဒဏ်ကို သက်သာလျော့ပါးစေမည် မဟုတ်ဟုလည်း သိရသည်။ ရှာရီရာ ဥပဒေအရ အဆိုပါစုံတွဲသည် လူအများရှေ့တွင် ကြိမ်ဒဏ်(၉)ချက်စီ ရိုက်နှက်ခံရမည် ဖြစ်သည်။ ထိုအတောအတွင်း ဒေသဆိုင်ရာ အကြီးမားဆုံး အစ္စလာမ်မစ် အဖွဲ့အစည်းဖြစ်သည့် နာဟ်လာတူလ် အူလာမာ၏ အကြီးအကဲ တူနော်ကူ ဖိုင်ဆယ်လ် အလီက ဝင်ရောက်ဖမ်းဆီးသူများကိုလည်း စွဲချက်တင် အပြစ်ပေးသင့်ကြောင်း ဝေဖန်ခဲ့သည်။

အူလာမာက ထိုသူများသည် အစ္စလာမ်မစ် ဥပဒေကို မိမိတို့စိတ်ကြိုက် ပုံစံဖြင့် ပြုမူပြောင်းလဲခဲ့ကြောင်း ဆိုသည်။ “ဒီလူရမ်းကားတွေကိုလည်း အပြစ်ပေးသင့်ပါတယ်။ သူတို့ဟာ အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့ကြတယ်။ သူတို့ရဲ့ ပြစ်ဒဏ်က ပိုပြီးတော့ ကြီးလေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ရပ်ဟာ အာချေးမှာ ရှာရီရာ ဥပဒေ ကျင့်သုံးနေတာကို ရုပ်သိမ်းရစေမယ့် လှုံ့ဆော်မှုမျိုး ဖြစ်သွားနိုင်လို့ပဲ”ဟု အူလာမာက ဝေဖန်ခဲ့သည်။ ရဲတပ်ဖွဲ့သည် လူ(၂)ဦးနှင့် ဆယ်ကျော်သက် လူငယ်တို့ကို ဖမ်းဆီးထားပြီး ကျန်(၅)ဦးကိုလည်း လာရောက်အဖမ်းခံရန် တိုက်တွန်းထားသည်။

Planet Myanmar Network