လှည်းကူးမြို့နယ်တွင် ပုဒ်မ ၁၈၈ ပြန်လည်ရုပ်သိမ်း

ပို့စ်တင်ချိန် - 5/07/2014 02:47:00 PM


ရန်ကုန်၊ မေ ၆

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မြို့မဈေးတွင် လွန်ခဲ့သော တစ်လကျော်ခန့်က ဖြစ်ပွားခဲ့သော ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခကြောင့် မြို့နယ် လုံခြုံရေးအတွက် ပုဒ်မ ၁၈၈ (ညမထွက်ရအမိန့်) ကို ထုတ်ပြန်ခဲ့ရာ မြို့နယ်တွင်း အခြေအနေ ပြန်လည် တည်ငြိမ်လာသောကြောင့် မေလ ၄ ရက်နေ့ ညပိုင်းက ပုဒ်မ ၁၈၈ ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဈေးဆိုင်နှစ်ဆိုင်တွင် ဧပြီလ ၄ ရက်နေ့က ဈေးရောင်းချသူ ဘာသာခြားနှစ်ဦး ခိုက်ရန် ဖြစ်ပွားရာမှ လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခပုံစံမျိုး ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာက မြို့နယ်အတွင်း ည ၆ နာရီမှ နံနက် ၆ နာရီအထိ အပြင်မထွက်ရန် ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ထုတ်ပြန်ပြီး တစ်လအကြာတွင် လုံခြုံရေး အခြေအနေ စိတ်ချရသောကြောင့် ပြန်လည် ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း လှည်းကူး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သင်္ကြန်မတိုင်ခင်မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီထိ အပြင်မထွက်ဖို့ အချိန်ပြောင်း သတ်မှတ် ပေးခဲ့ပါတယ်။ အခု မြို့ထဲမှာ အရင်လို ပြန်လည် အေးချမ်းသွားလို့ ပုဒ်မ ၁၈၈ ကို ရုပ်သိမ်းပေးလိုက်တာ။ ပဋိပက္ခ ဖြစ်တဲ့နေ့က လူအုပ်လိုက် ခဲနဲ့ထုပြီး ဖြိုခဲ့တဲ့ ဆိုင်ကိုလည်း ပြန်ပြုပြင်ပြီး မကြာခင် ပြန်ဖွင့်ဖို့ စီစဉ်နေပါတယ်” ဟု လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လှည်းကူး မြို့မဈေးတွင် ဈေးသည် အချင်းချင်း ခိုက်ရန်ဖြစ်ပွားစဉ် အစ္စလာမ် ဘာသာဝင် အမျိုးသားသုံးဦးက မြို့မဈေးရှေ့ရှိ ရေခဲမုန့်ဆိုင်သို့ ဝင်ပြေးပုန်းရှောင် ခဲ့ကြောင်း၊ ၎င်းတို့ ရှောင်တိမ်းခဲ့သော ဆိုင်ကို လူတစ်စုက ခဲများဖြင့် ပစ်ပေါက် ဖြိုဖျက်ခဲ့ပြီး မြို့အတွင်း၌ လူအုပ်စုလိုက် တုတ်၊ ခဲ၊ လေးခွများ ကိုင်ဆောင်၍ သွားလာနေသောကြောင့် ရဲအင်အား ထောင်ကျော်ဖြင့် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ခဲ့ရကြောင်း၊ ယင်းနေ့ညတွင် ပုဒ်မ ၁၈၈ ကို ချက်ချင်း ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက် မလိုက်နာသူ အမျိုးသားခြောက်ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း လှည်းကူး မြို့မရဲစခန်းမှ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

“မြို့မဈေးထဲက ရန်စဖြစ်ခဲ့တဲ့ ဈေးဆိုင်နှစ်ဆိုင်ကို စည်ပင်က ပြန်ဖွင့်ခွင့် မပေးသေးဘူး။ ကတ်ကြေးနဲ့ ထိုးခဲ့သူ အပါအဝင် သုံးယောက်ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး လှည်းကူး မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေပါတယ်” ဟု လှည်းကူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်က ရှင်းပြသည်။

The Voice Weekly