အာဆီယံ ညီလာခံအတွက် လုံခြုံရေး အင်အား တစ်သောင်းကျော် သုံးမယ်

ပို့စ်တင်ချိန် - 5/07/2014 02:10:00 PM

မြန်မာနိုင်ငံရဲတပ်ဖွဲ့ (Credit: ABC) 

မြန်မာနိုင်ငံမှာ ​ဒီတပတ်အတွင်း ​ကျင်းပမယ့် ​၂၄ ​ကြိမ်မြောက် ​အာဆီယံ ​ထိပ်သီး ​အစည်းအဝေးအတွက် ​လုံခြုံရေးသမား ​အယောက်ပေါင်း ​၁၁၀၀၀ ​(တစ်သောင်းတစ်ထောင်) ​ကို ​တိုးချဲ့ချထားမယ်လို့ ​သိရပါတယ်။

နေပြည်တော်မှာ ​မေလ ​၁၀ ​ရက်ကနေ ​၁၁ ​ရက်နေ့အထိ ​ကျင်းပမယ့် ​အစည်းအဝေးအတွက် ​မြန်မာ ​လုံခြုံရေးတပ်တွေ ​အပြင် ​အပြည်ပြည်ဆိုင်ရာ ​ရဲတပ်ဖွဲ့ ​Interpol ​တွေကိုလည်း ​ချထားမှာ ​ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ​ရဲတပ်ဖွဲ့တွေထဲမှာ ​တောင်ကိုးရီးယား၊ ​ကနေဒါနဲ့ ​Slovenia ​နိုင်ငံက ​ရဲတွေလည်း ​ပါဝင်မှာ ​ဖြစ်ပါတယ်။

Interpol ​ရဲတွေမှာ ​ကမ္ဘာ့ ​နာမည်ပျက် ​စာရင်းတွေရှိ ​တဲ့အတွက် ​မြန်မာလေဆိပ်က ​သင်္ကာမကင်း ​ဖွယ်ရာ ​လူတွေကို ​သိနိုင်အောင် ​လူဝင်မှု ​ကြီးကြပ်ရေး ​ဝန်ထမ်းတွေကို ​အကူအညီပေးမှာ ​ဖြစ်ပါတယ်။

အာဆီယံ ​ခေါင်းဆောင် ​အကြီးအကဲ ​တစ်ယောက်အတွက် ​ရဲမှူးချုပ် ​တစ်ယောက်က ​တာဝန်ယူပြီး ​လက်အောက် ​အရာရှိ ​အဆင့်ဆင့်နဲ့ ​သီးခြား ​အဖွဲ့တစ်ဖွဲ့က ​လုံခြုံရေးယူ ​သွားမယ့် ​အကြောင်း ​အာဆီယံ ​အကြီးအကဲ ​သွားမယ့် ​နေရာတိုင်းကို ​စောင့်ကြပ် ​ပေးမယ့်အကြောင်း ​ရဲမှူးချုပ် ​ဦးစိုးမြိုင်က ​ပြောတယ်လို့ ​7-Day ​News ​မှာ ​ဖော်ပြထားပါတယ်။

လုံခြုံရေး ​အင်အား ​တစ်သောင်းကျော်ဦးရေဟာ ​ဆီးဂိမ်း ​အားကစား ​ပွဲတော် ​အတွင်း ​အသုံးပြုခဲ့တဲ့ ​လုံခြုံရေးအင်အားထက် ​များပြားကြောင်းလည်း ​သိရပါတယ်။

၂၀၁၃ ​ခုနှစ်တုန်းက ​မြန်မာနိုင်ငံကို ​လာရောက် ​လည်ပတ်ခဲ့တဲ့ ​Interpol ​ရဲအဖွဲ့ရဲ့ ​အထွေထွေ ​အတွင်းရေးမှူး ​Ronald ​K ​Noble ​က ​မြန်မာနိုင်ငံနဲ့ ​လုံခြုံရေး ​ပူးပေါင်းမှုတွေ ​တိုးမြင့်ဖို့ ​ကတိပြုခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ ​ကျင်းပမယ့် ​အာဆီယံ ​အစည်းအဝေးအတွင်း ​အာဆီယံ ​အသိုင်းအဝိုင်း ​တည်ထောင်ရေး၊ ​အာဆီယံ ​ပြင်ပနဲ့ ​ဆက်ဆံရေး ​အကြောင်းတွေ ​အပြင် ​ဒေသတွင်းနဲ့ ​နိုင်ငံတကာ ​အရေးကိစ္စတွေကို ​ဆွေးနွေး ​လိမ့်မယ်လို့လည်း ​မျှော်လင့်နေကြပါတယ်။

အာဆီယံ ​အသင်းအနေနဲ့ ​၂၀၁၅ ​ခုနှစ် ​ဒီဇင်ဘာလ ​၃၁ ​ရက်နေ့ ​မတိုင်ခင်မှာ ​အာဆီယံ ​စီးပွားရေး ​အသိုင်းအဝန်းကို ​တည်ထောင်ဖို့ ​အရင်ကတည်းက ​သဘောတူညီခဲ့ကြပါတယ်။

ABC Radio Australlia