ကာကွယ်ရန် အချိန်ကျလာသော ဘာသာရေးအထွတ်အမြတ်များ

ပို့စ်တင်ချိန် - 5/07/2014 02:30:00 PM


ဆယ်စုနှစ်များစွာကြာပြီးမှ တံခါးဖွင့်ဝါဒကျင့်သုံးလိုက်သော မြန်မာနိုင်ငံတွင် အထွတ်အမြတ်ထားရာ ဓလေ့ထုံးစံများနှင့် ဘာသာရေးအဆောက်အအုံများကို နိုင်ငံခြားသားအချို့ မျက်စိကျလာကြသည်။

ကမ္ဘာနှင့်အတန်ကြာအောင် အဆက်ပြတ်နေခဲ့သော အနုလက်ရာမြောက် ဘာသာရေးနှင့် ယဉ်ကျေးမှုအဆောက်အအုံများကို ဘွားခနဲမျက်မြင်တွေ့ရချိန်တွင် နိုင်ငံခြားသားအချို့က ၎င်းတို့၏ စီးပွားရေးနှင့် အနုပညာလုပ်ငန်းတို့တွင် ကြော်ငြာကုန်ပစ္စည်းတစ်ခုအဖြစ် ရှုမြင်၍ ဖန်တီးအသုံးချလာကြခြင်းဖြစ်သည်။

ပြည်တွင်းသို့ နေ့စဉ်ဝင်ရောက်နေသော နိုင်ငံခြားသားများထဲတွင် ကမ္ဘာလှည့်ခရီးသွားများပါသလို စီးပွားရေးအရ ရင်းနှီးမြှုပ်နှံရန် လာကြသူများလည်း ပါဝင်သည်။ ထိုသို့ နိုင်ငံခြားသားဝင်ရောက်မှုက နိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းများရှိသော်လည်း တစ်ဖက်တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာရေးအမွေအနှစ်များကို နှိမ့်ချစော်ကားမှုဖြစ်စေသည့် တလွဲအသုံးချမှုများ တစ်စစမြင့်တက်လာနေသည်။ ယုံကြည်ကိုးကွယ်ရာရုပ်တု အပါအ၀င် အများပြည်သူတန်ဖိုးထားမှုကို စော်ကားပါက သာသနာတော်ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ ဖြင့် တရားစွဲနိုင်သည့်အပြင် ဘာသာရေးပုံရိပ်များကို ကုန်အမှတ်တံဆိပ်အဖြစ် အသုံးပြုခွင့်ကို မြန်မာဥပဒေများက ခွင့်ပြုမထားပါ။

သို့သော် ဥပဒေအသက်ဝင်ရန် ပညာပေးမှုအပိုင်းအားနည်းနေသေးခြင်းကြောင့် ကမ္ဘာ့မျက်နှာစာတွင် ရွှေတိဂုံ၊ ပုဂံ၊ ကျိုက်ထီးရိုး၊ ကောင်းမှုတော် အပါအ၀င် မြန်မာတန်ခိုးကြီးဘုရားများမှာ အပျော်သဘော ဓာတ်ပုံများတွင်သာမဟုတ်ဘဲ စီးပွားရေးပြယုဂ်အဖြစ်ပါ အသုံးတော်ခံနေရသည်။

‘‘တရုတ်နိုင်ငံက နန်းတော်ကိုသွားရင် ဘုရင်ကြီးရုပ်တုခေါင်းကို မကိုင်ရဘူး။ ပလ္လင်ပေါ်တက်မထိုင်ရဘူးဆိုတာ နိုင်ငံခြားသားတိုင်းသိအောင် ပညာပေးဖြန့်ဝေထားတယ်။ အမေရိကန်မှာ ရေချိုးနေတုန်း ဓာတ်ပုံမရိုက်ရဘူး ရိုင်းတယ်ဆိုတာ လူတိုင်းသိအောင် လုပ်ထားတယ်။ ဒီမှာ အဲဒီလို awareness ကို ဘယ်အဖွဲ့က တာဝန်ယူပြီး လုပ်နေလဲဆိုတာ မသိဘူး။ ဘုရားဂေါပကဆိုတာ အလှူခံနေရုံနဲ့ အလုပ်မဖြစ်ဘူး။ ဒါမျိုးတွေကိုလည်း ကာကွယ်ဖို့ သူတို့မှာတာဝန်ရှိတယ်’’ဟု ကွန်ပျူတာပညာရှင် ဦးရဲမြတ်သူက ပြောသည်။

ဥပဒေဖြင့် နေရာတိုင်း လိုက်ထိန်းခြင်းထက် ကျင့်ဝတ်အရ နိုင်ငံတစ်နိုင်ငံတွင် ဆောင်ရန်၊ ရှောင်ရန် (Dos and Don'ts)ကို နိုင်ငံခြားသားတိုင်း လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်သည့်စနစ်က မြန်မာတွင် အားမကောင်းသေးပါ။

ဥရောပလေကြောင်းလိုင်း ဖွင့်ပွဲတစ်ခုတွင် ရွှေတိဂုံစေတီပုံ ကိတ်မုန့်ပုံစံပြုလုပ်၍ ကိတ်မုန့်ခွဲဓားဖြင့်လှီး၍ ခွဲကြသည်။ ထိုပွဲတွင် မြန်မာသံအမတ်ကြီးတစ်ယောက်လုံးရှိလျက်နှင့် တားမြစ်ရန်ပျက်ကွက်ခဲ့၍ မြန်မာပြည်သူတို့ ဒေါသထွက်ခဲ့ရသည်။ လူကုန်ကူးမှုတားမြစ်ရေး လှုံ့ဆော်ဖျော်ဖြေပွဲတွင် ဂျေဆင်မရက်ဇ် စတိတ်ရှိုးပွဲအတွက် လက်မှတ်၊ ပိုစတာနှင့်ဗီနိုင်းတို့တွင် ရွှေတိဂုံစေတီပုံတော်ကို နောက်ခံထားအသုံးပြုခဲ့သည်။

လက်ဖက်ခြောက်များကို စီးကရက်ဘူးခွံပုံစံဖြင့် ထုပ်ပိုးရောင်းချသည့် တရုတ်ကုမ္ပဏီက ဘူးခွံပေါ်တွင် ရွှေတိဂုံစေတီပုံရိုက်နှိပ်ခဲ့သည့်အတွက် သာသနာရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ရသည်။

အနုပညာအသစ်တစ်ခု ဖန်တီးသည်ဟု ခေါင်းစဉ်တပ်၍ ၀တ်လစ်စားလစ်နီးပါးဖက်ရှင်ဖြင့် ဥရောပနိုင်ငံသားတစ်ယောက် ကောင်းမှုတော်ဘုရား အပါအ၀င် အထွတ်အမြတ်တန်ဖိုးထားရာ ရုပ်ပုံများကို မဖွယ်မရာပြုလုပ်ခဲ့သည့် ဓာတ်ပုံများရိုက်ကူးသွားခဲ့သည်။

အဆိုးဆုံးက မိန်းကလေးများပင်မတက်ရဟု ဘာသာရေးအရ တားမြစ်ထားသည့် ရွှေတိဂုံစေတီအထက်ပစ္စယံသို့ နိုင်ငံခြားသူမော်ဒယ်ကတက်၍ ဘုရားအနေကဇာတင်ရာတွင်သုံးသည့် ရွှေထီးကို ထဘီကြားတွင် ထိုးစိုက်ထားသည်ဟု ထင်ရသောပုံကို ကမ္ဘာကျော်ဓာတ်ပုံဆရာတစ်ဦးက ဒီဇိုင်းပညာဖြင့် ပေါင်းစပ်ပုံဖော်ကာ ဖက်ရှင်ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

‘‘အစိုးရက ဘာသာတရားကိုင်းရှိုင်းပုံတွေကို သတင်းစာတွေ၊ တီဗီတွေမှာ တွေ့နေရတာထက် ဒီကိစ္စတွေကို အလေးအနက်ထားလုပ်ရတော့မှာ’’ဟု လှိုင်မြို့နယ်မှ အသက်(၆၀)အရွယ် သတင်းစာဖတ်ပရိသတ်တစ်ဦးကပြောသည်။

‘‘ကျွန်တော့်ဘုရားပတ်ဝန်းကျင်မှာဆို ကွမ်းယာဆိုင်မှာ ဘုရားပုံချိတ်ဆွဲပြီး ရောင်းတာကအစ ခွင့်မပြုဘူး။ အမုန်းခံပြီးတားတယ်။ တန်ဖိုးထားရမယ့်အရာကို မထားသင့်တဲ့နေရာမှာ မထားမိဖို့ နည်းနည်းလေးကစပြီး ထိန်းချုပ်ရမယ်’’ဟု ရွှေစက်တော်ဂေါပကဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

မူပိုင်ခွင့်ဥပဒေတစ်ရပ် မပေါ်သေးမီ ဘာသာသာသနာ အမှတ်အသားရုပ်ပုံများကို စီးပွားရေးအလို့ငှာ ကြော်ငြာလုပ်ငန်းနှင့် အရောင်းမြှင့်တင်ခြင်းတို့တွင် သုံးစွဲခြင်းမပြုရဆိုသည့် စကားရပ်ကို လက်ရှိတည်ဆဲပုဒ်မ ၂၉၅ တွင် ထည့်သွင်းသင့်ကြောင်း ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က အကြံပြုသည်။

‘‘ရွှေတိဂုံစေတီကို ကိတ်မုန့်လုပ်ခွဲတာ ၂၉၅ (က) မြောက်တယ်။ ရဲအရေးပိုင်တယ်။ ရဲကတရားလိုလုပ်ပြီး တရားစွဲသင့်တယ်’’ဟု ၎င်းကပြောသည်။

ယင်းဥပဒေအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၂ နှစ်(သို့မဟုတ်) ငွေဒဏ်ဖြစ်စေ(သို့မဟုတ်)ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်သည်။ အရေးကြီးဆုံးက ယင်းဥပဒေကို အသက်ဝင်အောင် ပြုလုပ်ရန်ဖြစ်ကြောင်း ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။

‘‘ဒီကိစ္စတွေကို သက်ဆိုင်ရာမြို့နယ်သာသနာဦးစီးတွေက ဆွေးနွေးကြဖို့ လိုလာပါပြီ။ ဗုဒ္ဓဘာသာမှမဟုတ်ဘူး။ အခြားဘာသာတွေကို သွားစော်ကားရင်လည်း မကောင်းဘူးလေ’’ဟု ကျိုက်ထီးရိုးဂေါပကဥက္ကဋ္ဌ ဦးစံမြင့်ကပြောသည်။

နိုင်ငံခြားသားများကသာ တလွဲအသုံးပြုခြင်းမဟုတ်။ မြန်မာပြည်တွင်းက အချို့ဓာတ်ပုံဆရာများက မလုံမခြုံဝတ်စားထားသည့် မော်ဒယ်များကို ပုဂံ၊ ရွှေတိဂုံဘုရားများနောက်ခံထား၍ ဖက်ရှင်ဟုခေါင်းစဉ်တပ်ကာ ပြည်တွင်းထုတ်မဂ္ဂဇင်းအချို့တွင် ဖော်ပြခဲ့ဖူးသည်။

ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်တန်ဖိုးထားရာ သင်္ကေတရုပ်ပုံများကို တလွဲအသုံးချမှုမှာ မြန်မာနိုင်ငံတစ်ခုတည်း ကြုံရခြင်းတော့မဟုတ်ပါ။ လန်ဒန်အပါအ၀င် ကမ္ဘာ့နိုင်ငံအများစု ကြုံနေရခြင်းဖြစ်သည်။ သို့သော် ထိုနိုင်ငံတို့က ဥပဒေနှင့် အသိပညာဖြန့်ဝေမှုကို အားကောင်းစွာ ဆောင်ရွက်ထားကြသည်။

ထိုင်းတွင် တော်ဝင်မိသားစုကို မထိပါးစေရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး ကာကွယ်ထားသည်။ ထိုင်းဘုရင်နှင့် တော်ဝင်မိသားစုကို သရော်လှောင်ပြောင်ဝေဖန်သော အပြုအမူ၊အပြောအဆို၊ ရေးသားမှုအားလုံး ထိုဥပဒေဖြင့် အရေးယူခံရသည်။ သီရိလင်္ကာတွင် ဗုဒ္ဓပုံကို တက်တူးထိုးထားသည့် ဗြိတိန်နိုင်ငံသားနှစ်ဦးကို ပြည်ဝင်ခွင့်မပေးဘဲ လေဆိပ်မှပင် နှင်ထုတ်ခဲ့သည်။

လန်ဒန်တွင် ခရစ်ယာန်တို့ အထွတ်အမြတ်ထားသည့် သခင်ယေရှု၊ မယ်တော်မာရီတို့ပုံကို ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီ Underated က အင်္ကျီ၊ ဘောင်းဘီများတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲထားသည့်အတွက် ကမ္ဘာတစ်ဝန်းခရစ်ယာန်ဘာသာဝင်တို့၏ ကန့်ကွက်မှုများကို ခံနေရသည်။

မြန်မာနိုင်ငံတွင်လည်း စောင့်ကြပ်ကြည့်ရှုရန် ယန္တရားတစ်ခုသတ်မှတ်ထားရှိရန် လိုအပ်နေပါပြီ။ ခရီးသွားကုမ္ပဏီများ၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့၊ ဘုရားဂေါပက စသည့်အဖွဲ့တစ်ခုခုက ကြီးကြပ်ကိုင်တွယ်ရန် လိုအပ်နေသည်။

အထူးသဖြင့် ဘာသာရေးပဋိပက္ခမီးများ မငြှိမ်းနိုင်သေးသည့်အချိန်တွင် ဘာသာတစ်ခုချင်းကို ဖိနှိပ်စော်ကားရာရောက်သည့် အပြုအမှုများကို ခွင့်မပြုသင့်ကြောင်း Nature Dream ခရီးသွားကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ မစံပယ်အောင်ကဆိုသည်။         ။

အေးသူစံ၊ သူရကျော်၊ ဇေနွေထွန်း
7Day News Journal