အစိုးရဝန်ထမ်းနှစ်ဦးကို မေ ၆ ရက်ညနေ ပြန်မလွှတ်လျှင် အင်အားသုံးမည်ဟု တပ်မတော်က ကေအိုင်အေသို့ အကြောင်းကြား

ပို့စ်တင်ချိန် - 5/07/2014 12:02:00 PM


ဖမ်းဆီးထားသော အစိုးရဝန်ထမ်းနှစ်ဦးကို မေလ ၆ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ ပြန်လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက အင်အားသုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)တိုင်းမှူးက ကေအိုင်အေသို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

မပခ တိုင်းမှူးက အထက်ပါ အတိုင်းအကြောင်းကြားထားပြီး ယင်းဝန်ထမ်းနှစ်ဦးကို ကေအိုင်အေက ဖမ်းဆီးထားသည်မှာ သေချာပါက ပြန်လွှတ်ပေးမည်ဟု အကြောင်းပြန်ထားကြောင်း ကေအိုင်အိုအလုပ်အဖွဲ့ (TAT)ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောသည်။

‘‘ဘယ်သူဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး။ လိုက်စုံစမ်းပြီး သေချာရင် ပြန်လွှတ်ပေးမှာပါ’’ဟု ဦးဒေါင်ခါးက ဆိုသည်။

ကေအိုင်အေဘက်မှ ပြန်လွှတ်ပေးမည်ဟု အကြောင်းကြားသည်ဟုကြားသိရသော်လည်း သတင်းစာဖောင်ပိတ်ချိန်ည၇ နာရီခွဲအထိပြန်လွှတ်၊ မလွှတ် အတည်ပြုချက်မရသေးပေ။

ကချင်ပြည်နယ်အစိုးရအဖွဲ့ မှ ဝန်ထမ်းနှစ်ဦးကို မေလ ၃ ရက် နေ့လယ်က မြစ်ကြီးနားမြို့ နယ် ဒွန်ဂမ်ကျေးရွာ အနီးတွင် အရပ်ဝတ် ကေအိုင်အေ တပ်ဖွဲ့ ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ပြန်လွှတ်ပေးရန် ကေအိုင်အိုထံ အကြောင်းကြားထားခြင်းနှင့်ပတ်သက်၍ မပခသို့ ဆက်သွယ်မေးမြန်းရာ အောက်တိုဘာ မြစ်ကြီးနားဆွေးနွေးပွဲ သဘောတူညီချက်ခုနစ်ချက်နှင့် လိုက်နာရမည့် အချက် ၁၈ ချက်တွင် ပါဝင်သည့် ပြည်သူလူထုကို အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခြင်းမပြုလုပ်ရဟုဆိုသော အချက်အတိုင်း ယင်းအစိုးရဝန်ထမ်းနှစ်ဦးကို ပြန်လွှတ်ပေးသင့်သည်ဟု အကြောင်းကြားထားကြောင်း ထိပ်တန်းတပ်မတော်အရာရှိတစ်ဦးက ပြန်လည်ဖြေကြားသည်။

အင်အားသုံးဆောင်ရွက်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍မူ ‘‘အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပါတယ်’’ဟု ပြန်လည်ဖြေကြားသည်။

အထက်ပါ မပခ ထိပ်တန်းအရာရှိက ယင်းအစိုးရဝန်ထမ်းနှစ်ဦးကို ကေအိုင်အိုဘက်က ပြန်လွှတ်ပေးမည်ဟု ယူဆကြောင်း ဆက်လက်ပြောသည်။ လတ်တလော ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အိုတို့ မေလ ၁၃ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ကေအိုင်အေဘက်မှ တပ်ပြေးများကို လိုက်လံဖမ်းဆီးခြင်းဖြစ်ပြီး ယင်းအစိုးရဝန်ထမ်းနှစ်ဦးကို ပြန်လွှတ်ပေးရန် သဘောတူညီထားကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးအင်ရွန်ဆန်အောင်က ဆိုသည်။ ‘‘ညွှန်ကြားပြီးပါပြီ။ သေချာပေါက် ပြန်လွှတ်မှာပါ’’ဟု ဆိုသည်။

အောင်ခိုင်
မရန်
7Day Daily