မအူပင်မြို့၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်

ပို့စ်တင်ချိန် - 5/07/2014 02:26:00 PM

(၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ဖေဖော်ဝါရီ ၇ ရက်က ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေသော ပုသိမ်မြို့သူ၊ မြို့သားများကို တွေ့ရစဉ်)

(၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ မတ် ၃ ရက် မဲဆွယ်စည်းရုံးစဉ် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးမြို့ဒေသခံ တစ်သိန်းခန့်က ကြိုဆိုခဲ့ကြစဉ်)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဟောပြောပွဲတစ်ခုကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်မည်ဖြစ်ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဟောပြောမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက မေ ၆ ရက်တွင် ပြောကြားသည်။

“မအူပင်ကို အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် ၁၀ ရက်နေ့ လာမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲပါ။ ပွဲကတော့ နံနက် ၉ နာရီ စပါမယ်။ မအူပင်-ဖျာပုံ ကားလမ်းဘေးက တက္ကသိုလ်အနီးမှာပါ။ လူဦးရေ ၅၀၀၀၀ ကျော်လောက် တက်မယ်လို့ မျှော်မှန်းထားပါတယ်။

မအူပင်ကို အစ်မကြီးအနေနဲ့ လာဖို့ နှစ်ခါလောက် ကြိုးစားပါတယ်။ ဒါပေမဲ့ မလာနိုင်ခဲ့ဘူး။ အောင်နိုင်ရေးတုန်းက တစ်ခါကြိုးစားသေးတယ်။ မလာနိုင်ဘူး။ ဒီကြားထဲမှာ ဟိုတစ်လောကလည်း တစ်ခါကြိုးစားသေးတယ်။

မလာနိုင်ဘူး ဖြစ်သွားတယ်။ ခြေထောက်ခွဲရလို့။ အစ်မကြီးက သူပေးထားတဲ့ ကတိအတိုင်းပဲ လာမယ်လို့ ပြောထားတာဖြစ်တဲ့အတွက် ဧရာဝတီတိုင်း မအူပင်ကို လာတာပါ။ ဒီနှစ်ထဲမှာတော့ ဧရာဝတီတိုင်းကို ပထမဆုံးလာတာပေါ့။ သောင်းသောင်းဖြဖြ ကြိုဆိုဖို့အတွက် မအူပင်ပြည်သူတွေက ပြင်ဆင်နေကြပါပြီ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။

အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲများကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ပြုလုပ်လျက်ရှိသည်။
အဆိုပါ လူထုဟောပြောပွဲများကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များကို ရှင်းလင်းဟောပြောလျက် ရှိသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုကို မေ ၁၇ ရက်တွင် အောက်မြန်မာပြည် လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဖြစ်ပြီး မေ ၁၈ ရက်တွင် အထက်မြန်မာပြည် လှုပ်ရှားမှုအဖြစ် မန္တလေးမြို့၌ ပြုလုပ်သွားမည်ဖြစ်ကာ မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး လှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုရလဒ်များအား လွှတ်တော်၊ သမ္မတနှင့် သက်ဆိုင်ရာများသို့ ပေးပို့သွားမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရာ၌ ခက်ခဲတင်းကျပ်နေသော အခန်း (၁၂)တွင် ပါရှိသည့် ပုဒ်မ(၄၃၆)ကို ပြုပြင်ပြောင်းလဲနိုင်ရန် လိုအပ်ကြောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုက ပြင်ဆင်ရေး ကြိုးစားရာ၌ ယင်းအချိန်က အစိုးရ၏ ဖြေရှင်းနည်း မှားယွင်းမှုကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းမှု ပြုလုပ်ခဲ့ကြောင်း၊

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထက် ပိုမိုတင်းကျပ်စွာ ရေးဆွဲထားကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေသည် စတင်ရေးဆွဲစဉ်ကတည်းက တစ်ဖက်သတ် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကြောင်း စသည်တို့ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများက ထုတ်ပြန်ပြောဆိုမှုများ ရှိနေသကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုများ၊ ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ပြုလုပ်လျက် ရှိနေသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြုပြီး ပြင်ဆင်ပြီးဖြစ်အောင် ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ မူဝါဒကို ချမှတ်ပြောကြားထားသည်။

Eleven Media Group