မြန်မာနိုင်ငံမှာ ဧပြီလအတွင်း မုဒိမ်းမှုပေါင်း ၉၀ နီးပါးရှိလို့ဆို

ပို့စ်တင်ချိန် - 5/07/2014 02:09:00 PM


၂၀၁၄ ခုနှစ် ဧပြီတစ်လလုံးမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မုဒိမ်းမှုပေါင်း (၈၈) မှု ရှိခဲ့ပြီး မုဒိမ်းမှု အများဆုံးဖြစ်ပွားခဲ့တဲ့ နေရာကတော့ ရန်ကုန်တိုင်းမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။

ရန်ကုန်တိုင်းမှာ မုဒိမ်းမှုပေါင်း (၁၉) မှုဖြစ်ခဲ့ပြီးတော့ ဧရာဝတီတိုင်းမှာ မုဒိမ်းမှုပေါင်း (၁၂) မှုနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ရန်ကုန်တိုင်းဒေသကြီးအတွင်းအမှာ မုဒိမ်းမှုပေါင်း (၁၄) မှုဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလို မုဒိမ်းမှုတွေဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကလေးသူငယ် အမှုအခင်း လိုက်ပါဆောင်ရွက် ပေးနေတဲ့ အထက်တန်းရှေ့နေ ဒေါ်အေးမင်းသန့်က အခုလိုပြောပါတယ်။

“မိသားစုကိုသေသေချာချာမစောင့်ရှောက်နိုင်ဘူး ကလေးတွေကိုသေသေချာချာဂရုတစိုက်နဲ့ မစောင့်ရှောက် နိုင်တဲ့အခါ၊ မိဘတွေကအလုပ်သွားတဲ့အခါ အထူးသဖြင့်တော့ ဒီသက်ငယ်မုဒိမ်းမှုတွေဟာ လက်လုပ်လက်စား တွေမှာ ဖြစ်လေ့ဖြစ်ထရှိတယ်။”

ဒီလို မုဒိမ်းမှုတွေ ဖြစ်ပွားရတာဟာ အုပ်ထိန်းသူတွေရဲ့ စောင့်ကြည့်မှုနဲ့ ကင်းကွာတာတွေ၊ ယုံကြည်မှုလွန်ကဲတာတွေ၊ တစ်ဦးတည်းသွားလာတာတွေနဲ့ ညစ်ညမ်းခွေတွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မုဒိမ်းမှုပပျောက်ရေးလုပ်ငန်းက ဆိုပါတယ်။

ဒါပေမယ့် သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားနေတာဟာ အစိုးရအနေနဲ့ သေချာကြပ်မတ် ဆောင်ရွက်သင့်သလို သက်ဆိုင်ရာ နယ်ပယ်အသီးသီးကလည်း မုဒိမ်းမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေကို ရှာဖွေဖော်ထုတ်မှာဖြစ်တယ်လို့ ဒေါ်အေးမင်းသန့်က ပြောပါတယ်။

၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကုန်ထိဖြစ်ပွားခဲ့တဲ့ မူဒိမ်းမှုပေါင်းဟာ ၅၀၀၀ ၀န်းကျင်ရှိပြီး အဲဒီထဲက တ၀က်လောက်ဟာ သက်ငယ်မုဒိမ်းမှုတွေဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မုဒိမ်းမှုပပျောက်အရေး လုပ်ငန်းက ပြောတဲ့အကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။

ABC Radio Australia