ယူနတီအမှုမှ ကျန်လိုပြသက်သေ ၁၁ ဦးအား ဆက်လက်စစ်ဆေးခြင်းမပြုဘဲ မေ ၁၉ ရက်တွင် စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေများ လျှောက်လဲမည်

ပို့စ်တင်ချိန် - 5/07/2014 12:03:00 PM


ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု မေ ၆ ရက် ကိုးကြိမ်မြောက်ရုံးချိန်း ဒုတိယနေ့တွင် ၂၉ ဦးမြောက် လိုပြသက်သေ အမှုစစ်အရာရှိ ဒုရဲမှူးမောင်မောင်သန်း (နေပြည်တော်သတင်းတပ်ဖွဲ့)က ရုံးတော်သို့ တရားလိုနှင့် သက်သေများ၏ ထွက်ချက်များအရလည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်အရလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တရားစွဲရန် ခွင့်ပြုမိန့်အရလည်းကောင်း ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃။ ၉ ဖြင့် တရား စွဲတင်ပို့ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

၂၉ ဦးမြောက် လိုပြသက်သေ ဒုရဲမှူးမောင်မောင်သန်းက ဦးတင့်ဆန်းနှင့် သတင်းထောက်လေးဦးတို့အား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃။ ၉ ဖြင့် တရားစွဲဆိုခွင့်ပြုသည့်အမိန့်အား ၁၃.၂.၂၀၁၄ ခုနှစ်နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်မှူးကြီးကိုကို လက်မှတ်ရေးထိုး၍ ပေးပို့လာခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး အဆိုပါအမိန့်စာအား ရုံးတော်သို့ သက်သေအဖြစ် တင်သွင်းခဲ့သည်။

အမှုစစ်အရာရှိ ဒုရဲမှူးမောင်မောင်သန်းအား စစ်ဆေးပြီးနောက် ခရိုင်ဥပဒေအရာရှိက ရုံးတော်သို့ ကျန်လိုပြသက်သေ ၁၁ ဦးအား ဆက်လက်စစ်ဆေးခြင်းမပြုတော့ဘဲ နှစ်ဖက်ရှေ့နေများမှ အမှုအား စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လွဲခွင့်ပြုရန် လျှောက်ထားခဲ့ပြီး စွပ်စွဲခံရသူများ၏ရှေ့နေများက ကန့်ကွက်ခဲ့ခြင်း မရှိသည့်အတွက် ရုံးတော်မှ မေလ ၁၉ ရက် (၁၀) ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် နှစ်ဖက်ရှေ့နေများ၏ စွဲချက်များအား ကြားနာပြီးနောက် ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထပ်မံမစစ်ဆေးတော့သည့် လိုပြသက်သေ ၁၁ ဦးတွင် အရပ်သားသက်သေ သုံးဦး၊ က.ပ.စ (၂၄) မှ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး နှစ်ဦး၊ တပ်သားတစ်ဦး၊ နေပြည်တော်သတင်းတပ်ဖွဲ့မှ ရဲအရာရှိ နှစ်ဦး၊ ရန်ကုန်သတင်းတပ်ဖွဲ့မှ ရဲအရာရှိ နှစ်ဦးတို့ ပါဝင်ကြောင်းလည်း သိရသည်။

ယခုရုံးချိန်းတွင် လိုပြသက်သေ အမှုစစ်အရာရှိ ဒုရဲမှုးမောင်မောင်သန်းက အမှုအား ပေါက်မြို့မရဲစခန်းမှူးထံမှ လွှဲပြောင်းရယူပြီးနောက် ရန်ကုန်ယူနတီဂျာနယ်တိုက်မှ ဦးတင့်ဆန်း၊ သဲရာဇာဦး၊ စည်သူစိုးနှင့် ပိုင်သက်ကျော်တို့အား ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ ပခုက္ကူအကျဉ်းထောင်ရှိ ကိုလူမော်နိုင်ကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ၂.၂.၂၀၁၄ ရက်နေ့တွင် က.ပ.စ ၂၄ မှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ လုံခြုံရေးအရာရှိ ဗိုလ်ထက်ဝေအောင်နှင့် ဒေသခံလေးဦးတို့အား စစ်ဆေးခဲ့ကြောင်းလည်း ထွက်ဆိုခဲ့သည်။

ထို့နောက် အရပ်သားများအား စစ်ဆေးမှု၊ ကိုလူမော်နိုင်နေအိမ်မှ လက်ပ်တော့ပ်ကွန်ပျူတာ သိမ်းယူမှု၊ က.ပ.စ ၂၄ စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ၀င်ထွက်သည့် အလုပ်သမားစာရင်း သိမ်းယူမှု၊ ကိုလူမော်နိုင်၏ ဇနီး မလွင်လွင်မြင့်ထံမှ လက်ကိုင်ဖုန်း သိမ်းယူမှု၊ မလွင်လွင်မြင့်အား စစ်ဆေးရန် ရမန်ရယူပုံ၊ သူမအား တရားစွဲတင်ပို့ရန် မခိုင်လုံသည့်အတွက် အမှုမှအပြီးသတ်လွှတ်ပေးခဲ့ပုံ၊ ဗိုလ်ထက်ဝေအောင်ထံမှ စာရွက်စာတမ်းများ သိမ်းဆည်းမှု၊ ယူနတီဂျာနယ်မှဝန်ထမ်း ကိုအောင်ဝင်းထွန်းထံမှ မင်မိုရီစတစ်နှင့် ကင်မရာတို့ သိမ်းဆည်းပုံကိုလည်း ရုံးတော်သို့ထွက်ဆိုခဲ့သည်။ စွပ်စွဲခံရသူ၏ရှေ့နေ ဦးကျော်လင်းက ဒုရဲမှူးမောင်မောင်သန်းအား အမှုလိုအပ်ချက်အရ မလွင်လွင်မြင့်ထံမှ ဖုန်းအား သိမ်းယူသည်ဆို၍ ရုံးရှေ့ရှိ အမှုသည် ဘာအမှုမှန်း သိပါသလားဟုမေးရာ မဖြေနိုင်ကြောင်း၊ ရုံးရှေ့ရှိအမှုသည် မြန်မာနိုင်ငံလွပ်လတ်ရေးမရခင် ၁၉၂၃ ခုနှစ်ကရေးဆွဲထားပြီး သူလျှိုများကို အပြစ်ပေးသည့် ပုဒ်မ ၃ ဖြင့် စွဲဆိုထားသည်ကို သိပါသလားဆိုလျှင် ပုဒ်မ ၃ တွင် မည်သူမဆိုဟုပါကြောင်း၊ ရဲအရာရှိ တစ်ဦးသည် အထူးဥပဒေတွင် ပြဋ္ဌာန်းထားသည့် အထူးဥပဒေအတိုင်း လိုက်နာဆောက်ရွက်ရမည်ကို သိပါသလားဆိုလျှင် ကျင့်ထုံးဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး အထူးဥပဒေဖြင့် ဆောင်ရွက်ခြင်းမဟုတ်ကြောင်း၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေသည် လွပ်လတ်ရေးမရခင် ပြဋ္ဌာန်းထားသော ဥပဒေတစ်ခုဖြစ်သည်ကို သိပါသလားဆိုလျှင် သိပါကြောင်း၊ ယခုတရားစွဲဆိုထားသည့် အထူးဥပဒေ ပုဒ်မ ၁၁ တွင် ရှာဖွေပုံစံဖြင့်ရှာဖွေရန် ယခုအမှုနှင့် သက်ဆိုင်နေသည့် ပစ္စည်းဖြစ်ကြောင်း (သို့) လူပုဂ္ဂိုလ်၊ နေရာဒေသဖြစ်ကြောင်း ဆိုင်ရာရဲအရာရှိက ကျမ်းကျိန်ဆိုခြင်းဖြင့် အခွင့်အာဏာရတရားသူကြီး တစ်ဦးထံတွင် ခွင့်ပြုမိန့်တောင်းခံပြီးမှ ပစ္စည်းများရှာဖွေရသည်ကို သိပါသလားဆိုလျှင် မသိကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေဖြင့်ရှာဖြစ်ကြောင်း၊ အထူးဥပဒေတွင် ပြည့်စုံစွာဖြင့် ဓာတ်ပုံဆိုသည်မှာ မကူးမဆေးရသေးသည့် ဖလင်၊ ပလိပ်ပြားတို့ဟု ပါရှိသည်ကို သိပါသလားဆိုလျှင် ထိုသို့ ၁၉၂၃ ခုနှစ် ဥပဒေတွင် ဖော်ပြထားခဲ့သည်မှာ မှန်ပါကြောင်း၊ သက်သေခံခြင်းများသည် တိုက်ရိုက်သိရှိမြင်တွေ့မှ သက်သေခံဝင်ရသည်ကို သိပါသလားဆိုလျှင် သိပါကြောင်း၊ အထူးဥပဒေပုဒ်မ (၂)၊ ပုဒ်မခွဲ (၈)၊ အပိုဒ်ခွဲ ၁ တွင် တားမြစ်သည့် နေရာဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံသမ္မတကြီးကိုယ်တိုင် ပြန်တမ်းဖြင့် ထုတ်ပြန်ပြီး မိတ္တူကို မြန်မာဘာသာ၊ ထိုဒေသရှိ ဒေသန္တရဘာသာတို့ဖြင့် ပီပြင်စွာ အများမြင်သာအောင် မိတ္တူကို ကြော်ငြာချိပ်ဆွဲထားမှ ထိုဥပဒေအရ တားမြစ်နယ်မြေဖြစ်သည်ကို သိပါသလားဆိုလျှင် ပိတ်ပင်ထားသော နယ်မြေအတွင်းသို့ ၀င်ရောက်ခြင်း ရှိ မရှိ စစ်ဆေးခြင်းသာဖြစ်ကြောင်း၊ အချင်းဖြစ်အမှုအတွက် စက်ရုံနယ်မြေသို့ သွားရောက်ရသည့်အတွက် သမ္မတကြီးအမိန့်ဖြင့် ချိပ်ဆွဲထားသည့် ဆိုင်းဘုတ်များ ရှိပါသလားဆိုလျှင် သမ္မတကြီးအမိန့်ဖြင့် ချိပ်ဆွဲထားသည်တော့မရှိပါ၊ ဆိုင်းဘုတ်များကိုတော့ တွေ့ပါကြောင်း၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေအား ယနေ့အချိန်ထိ လွှတ်တော်တွင် ပြင်ဆင်ခြင်းမရှိသေးသည်ကို သိပါသလားဆိုလျှင် သိရှိကြောင်းလည်း ထွက်ဆိုအစစ်ခံခဲ့သည်။

အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြမှုကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား အဆိုပါစက်ရုံ စီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ယခုနှစ် ဇန်န၀ါရီ ၃၀ ရက်၌ ပေါက်မြို့မရဲစခန်းတွင် (ပ)၈။၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ ၃(၁) (က)။ ၉ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁၄ ရက်မှ အမှုအား စတင်စစ်ဆေးခဲ့ရာ မေ ၆ ရက် ကိုးကြိမ်မြောက်ရုံးချိန်း ဒုတိယနေ့ပြီးသည်အထိ လိုပြသက်သေ ၄၀ ရှိသည့်အနက် လိုပြသက်သေ ၂၉ ဦးထိ စစ်ဆေးခဲ့ပြီး ဖြစ်သည်။
စစ်ဆေးပြီးခဲ့သည့် လိုပြသက်သေ ၂၉ ဦးမှာ စစ်တပ်အရာရှိ စက်ရုံဝန်ထမ်း နှစ်ဦး၊ စက်ရုံတည်ဆောက်ရေးအရပ်သား ၀န်ထမ်း လေးဦး၊ အရပ်သားသက်သေ ခြောက်ဦး၊ ရှာဖွေပုံစံပါ သက်သေ ၁၃ ဦး၊ ရဲအရာနှစ်ဦး၊ ကြိုတင်ထွက်ဆိုချက်နှင့် ဖြောင့်ချက်ရယူခဲ့သည့် မြို့နယ်တရားသူကြီးတစ်ဦးနှင့် အမှုစစ်အရာရှိ ဒုရဲမှူးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ အမှုအား စတင်စစ်ဆေးသည့်အချိန်မှ ရှစ်ကြိမ်မြောက်ရုံးချိန်းပြီးသည်ထိ စွပ်စွဲခံရသူများ၏ ရှေ့နေများဘက်မှ တရားရုံးပြောင်းလျှောက်ထားမှု တစ်ကြိမ်နှင့် ဦးတင့်ဆန်းအတွက် အာမခံလျှောက်ထားမှု နှစ်ကြိမ်ရှိခဲ့ပြီး လျှောက်ထားမှုများအား ပခုက္ကူခရိုင်တရားသူကြီး ဦးမောင်မောင်ဌေးက ငြင်းပယ်ခဲ့သည်။

Eleven Media Group