ရွှေစည်းခုံဘုရားရှိ ရှေးမူလက်ရာ သွပ်ပန်းချီကားများကို ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးခင်အောင်မြင့်က အမျိုးသားပြတိုက်တွင်ထားရန် တောင်းယူမှုကြောင့် ပန်းချီကားအသစ်များဖြင့် အစားထိုးထားရ

ပို့စ်တင်ချိန် - 5/07/2014 08:20:00 PM


ရွှေစည်းခုံဘုရားရှိ ရှေး မူလက်ရာ သွပ်ပန်းချီကားများကို ယခင် ယဉ်ကျေးမှုဝန်ကြီးဦးခင်အောင်မြင့် (ယခု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ) လမ်းညွှန် ချက်ဖြင့် အမျိုးသားပြတိုက်(နေပြည်တော်) တွင်ထားရှိရန် တောင်းယူခဲ့သောကြောင့် ပန်းချီကားအသစ်များ အစားထိုးထားရသည် ဟု ပုဂံရွှေစည်းခုံဂေါပကအဖွဲ့မှ ပြောသည်။
''ရွှေစည်းခုံ ပန်းချီကားဖြစ်စဉ် က ဗိုလ်ချုပ်ခင်အောင်မြင့်(ယခုအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ) ယဉ်ကျေးမှုဝန်ကြီး ဖြစ် တုန်းက ရွှေစည်းခုံပန်းချီကားဦးစောမောင် ရဲ့ကားတွေကို အမျိုးသားပြတိုက်(နေပြည် တော်)မှာပြချင်တယ်။ လွှဲပေးစေချင်တယ်။ ကျွန်တော်တို့သာမက အာနန္ဒာဘုရားက ပန်းချီကားတွေကိုလဲ လွှဲပေးပါလို့ စာထုတ် တယ်။ ကျွန်တော်တို့ ပေးလိုက်ရတယ်။ အ ကုန်မပေးဘူး။ တချို့တစ်ဝက် ၁၄ ချပ် ပေး လိုက်တယ်။ ဟောင်းလောင်းကြီး ဖြစ်နေ လို့ ပန်းချီကားအသစ်တွေ အစားထိုး ပြန် ချိတ်ပေးတာပါ။

ကမ္ဘာပေါ်မှာ ရှေးဟောင်း အမွေအနှစ်တွေ တစ်စုတစည်းတည်း ရှိတဲ့ နေရာဆိုလို့ ပုဂံပဲရှိပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေ မရှိတော့ရင် ဘယ်ဧည့် သည်မှ ပုဂံကို လာတော့မှာမဟုတ်ပါဘူး'' ဟု ရွှေစည်းခုံဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမောင်မြင့်က ပြောသည်။
ပုဂံဒေသတွင် ရှေးဟောင်းလက် ရာများ မရှိတော့ပါက ပုဂံဒေသသို့ ခရီး သွားဧည်သည့်များ လာရောက်ခြင်း ရပ်ဆိုင်း သွားနိုင်သဖြင့် ပုဂံရှိ ယဉ်ကျေးမှုလက်ရာ များကို မရွှေ့ပြောင်းသင့်ကြောင်းနှင့် ရွှေ စည်းခုံဘုရားတွင် ပန်းချီကား စုစုပေါင်း ၆၉ ချပ်ရှိသည့်အနက် ပန်းချီကား ၁၄ ကား ကို ပေးလိုက်ရခြင်းဖြစ်သည်။
''ရှေးဟောင်းပစ္စည်းဆိုတာ နေ ရာမရွှေ့ရဘူး။ သူ့နေရာနဲ့သူ ထားရတယ်။ ဥပဒေအရ မရွှေ့ရဘူး။ နိုင်ငံတကာမှာလဲ လက်မှတ်ထိုးထားရတယ်။ ရွှေ့မယ် ပြောင်း မယ်ဆိုရင် အထောက်အထား ခိုင်ခိုင်လုံလုံ ရှိရမယ်။ ပုဂံက အမွေအနှစ်လက်ရာတွေ ကို ယူဆောင်တာက အာဏာရှင်ဆန် တယ်''ဟု ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပုဂံဒေ သခံများဖြစ်သော ပုဂံချစ်သူအဖွဲ့မှ ကိုမင်း နိုင်အောင်က ''ကျွန်တော်တို့ ပုဂံရွှေစည်း ခုံဘုရားမှာ ရှေးပန်းချီကားတွေမရှိတော့ဘူး။ ပန်းချီကားအသစ်တွေ အစားထိုးထားတယ်။ ပန်းချီကားအဟောင်းနဲ့ အသစ်တွေကို ရော ထားပါတယ်။ အဲဒီပန်းချီကားတွေက ရှေး ပန်းချီကားတွေဖြစ်လို့ တန်ဖိုးဖြတ်လို့ မရ နိုင်ပါဘူး။ အဲလိုမျိုး မလုပ်သင့်ပါဘူး။ ဒီနေ ရာက ရှေးပစ္စည်းကို လိုသလိုနေရာရွှေ့လို့ ရနေတယ်ဆိုတာ အာဏာရှင်ဆန်သလို ဖြစ်နေပါတယ်''ဟု ပြောသည်။
ယင်းပန်းချီကားများကို ရွှေစည်း ခုံဘုရားသာမက ပုဂံအာနန္ဒာဘုရားမှ လည်းပေးရန် အစိုးရသစ်မတက်မီ အချိန် တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံရှေးဟောင်း သုတေသနဦးစီးဌာနမှ ရုံးစာများ ထုတ်ပြန် ပြီး တောင်းယူခဲ့ကြောင်းနှင့် ရွှေစည်းခုံဘုရား အရှေ့ဘက်စောင်းတန်းတွင် သွပ်ပန်းချီကား ၂၈ ချပ်၊ တောင်ဘက်စောင်းတန်းတွင် ပန်း ချီကား ၁၇ ချပ်၊ ဆုတောင်းပြည့် ဘုရား အတွင်းတွင် ပန်းချီကား ၁ဝ ချပ်၊ စနေ ထောင့် အာရုံခံတိုက်အတွင်း ပန်းချီကား ၁၄ ချပ် စုစုပေါင်း ၆၉ချပ်ရှိခဲ့ကြောင်း၊ လက် ရှိအခြေအနေတွင် တောင်ဘက်စောင်းတန်း တွင် မူလပန်းချီကား ၁ဝ ကားအစား ထိုး ထားသော ကားခြောက်ကားနဲ့ လစ်လပ်နေ သော ပန်းချီကားနေရာ တစ်နေရာရှိနေ ကြောင်းသိရသည်။

Yangon Media Group