တရုတ်က မီးရထားဘူတာရုံတွင် ဓားကိုင်ပြီး လုတွေကို လိုက်ခုတ်မှု ဖြစ်ပွားပြန်

ပို့စ်တင်ချိန် - 5/07/2014 02:15:00 PM



တရုတ်နိုင်ငံမှ မီးရထားဘူတာ တစ်ခုတွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်မှုများ ဖြစ်ပွားပြီး အနည်းဆုံး လူ(၆)ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရှိရသည်။ အုပ်စုဖွဲ့ တိုက်ခိုက်မှု ပြုလုပ်သူများအနက် တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဂွမ်ဇူးမြို့တော် လုံခြုံရေး ဗြူရိုက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့် လှုံ့ဆော်မှုကြောင့် ဆိုသည်ကို တိတိကျကျ မသိရသေးချေ။ သို့သော်လည်း တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ရှီဂျီအန်းဒေသတွင် ခွဲထွက်ရေးအတွက် လှုပ်ရှားနေသည့် မွတ်ဆလင် အွိုင်ဂါ လူမျိုးစုများနှင့် ဆက်နွယ်နေဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မတ်လအတွင်းက ကူမင်းတွင် အလားတူ တိုက်ခိုက်မှုမျိုး ဖြစ်ပေါ်ခဲ့ရာ လူ(၂၉)ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း တရုတ်နိုင်ငံ အနောက်ပိုင်းဒေသရှိ အူရမ်ကီမှ ဘူတာတစ်ခုတွင် ဓားဖြင့်ရမ်းကား တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သေးသည်။ တရုတ်အစိုးရ အာဏာပိုင်များက ယင်းကဲ့သို့သော အကြမ်းဖက်မှုများတွင် အဓိက တာဝန်ရှိသူများမှာ ရှိဂျီအန်းမှ အွိုင်ဂါများဟု စွပ်စွဲထားသည်။ ယခုတိုက်ခိုက်မှုတွင် ပါဝင်သူ အရေအတွက်မှာ (၄)ဦးဖြစ်ကြောင်း မီဒီယာများက မျက်မြင်အချို့၏ အဆိုကို ကိုးကားရေးသားခဲ့ကြသည်။

ကူမင်းမှ ဆိုက်ရောက်လာသည့် ရထားတစ်စင်း ဘူတာတွင် ရပ်နားပြီး မကြာမီမှာပင် ဓားသမားများက တိုက်ခိုက်ကြခြင်းဟု ဆိုသည်။ ဒဏ်ရာရရှိသူ (၆)ဦးကို ရဲများက ဆေးရုံသို့ ပို့ဆောင်ပြီး နောက်ထပ်စုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ဓားကိုင်ဆောင်ထားသည့် အမျိုးသား တစ်ဦးမှာ သတိပေးမှုကို မလိုက်နာဘဲ ထွက်ပြေးသည့်နောက် ရဲတပ်ဖွဲ့က ၎င်းကို ပစ်ခတ်ခဲ့ခြင်းဟုလည်း သိရှိရသည်။
Planet