ထိုင်းတောင်ပိုင်း ဟတ်ထရိုင်တွင် ဗုံးပေါက် ငါးဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 5/07/2014 02:48:00 PM


ဘန်ကောက်၊ မေ ၆

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ထရိုင်မြို့၌ မိနစ်အနည်းငယ် ခြားပြီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ခြင်းကြောင့် လူငါးဦး ဒဏ်ရာရရှိသွားပြီး မွတ်ဆလင် သူပုန်များတွင် တာဝန်ရှိသည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကျောင်းတစ်ခုအနီးရှိ ကွန်ဗင်းရှင်းစင်တာ တစ်ခုပြင်ပတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ဒုတိယ ဗုံးတစ်လုံးမှာ ရဲစခန်းတစ်ခု အနီးတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“ပေါက်ကွဲမှုတွေက ခုနစ်မိနစ်ခြားပြီး ဖြစ်တာပါ။ ဈေးဆိုင်တွင်းမှာရှိတဲ့ လူငါးဦး ဒဏ်ရာရရှိသွားပါတယ်။ ဒုတိယပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိပါဘူး” ဟု ဆွန်ခလာပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်ဆဒါဘွန်ရက်က ပြောကြားသည်။

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးသည့် နောက်တွင် ဟတ်ထရိုင်မြို့ရှိ အဓိက လမ်းမများကို ပိတ်ဆို့ထားပြီး လူဝင်လူထွက်များကို စစ်ဆေး စောင့်ကြည့်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ဟတ်ထရိုင်မြို့ ဗုံးပေါက်ကွဲမှုမှာ မွတ်ဆလင် သူပုန်များတွင် အဓိက တာဝန်ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

ထိုင်းနိုင်ငံသည် ဗုဒ္ဓသာသာ အများစု နေထိုင်သော နိုင်ငံဖြစ်သော်လည်း တောင်ပိုင်းဒေသရှိ ပတ္တာနီ၊ ယာလာနှင့် န၀ါတီဝပ် ပြည်နယ်များတွင် မွတ်ဆလင်များ အဓိကနေထိုင်ပြီး ထိုင်းဗဟိုအစိုးရ အဖွဲ့ကို ၂၀၀၄ ခုနစ်မှစ၍ လက်နက်ကိုင် တော်လှန်လျက် ရှိသည်။

လက်နက်ကိုင် တော်လှန်မှုကြောင့် လူပေါင်း ၅၇၀၀ ကျော် သေဆုံးခဲ့ရကာ မွတ်ဆလင် အများစု နေထိုင်ရာ ပြည်နယ်သုံးခုတွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားရသည်။

ဘန်ကောက်မြို့တော်မှ မိုင် ၄၇၀ အကွာတွင် တည်ရှိပြီး ကုန်သွယ်ရေး အချက်အခြာ ဒေသဖြစ်သော ဟတ်ထရိုင်မြို့တွင်မူ အရေးပေါ် အခြေအနေ ကျင့်သုံးခြင်း မရှိပေ။

၂၀၁၂ ခုနစ်အတွင်း ဟတ်ထရိုင်မြို့၌ ကားဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုင်းအစိုးရအဖွဲ့နှင့် မွတ်ဆလင် သူပုန်များကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြီးခဲ့သည့် နှစ်အတွင်း လုပ်ဆောင် ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

The Voice Weekly