ဓားထိုးခံရလို့ သေဆုံးသူကို ကျွန်မယောက်ျားက သဝန်တိုပြီး ဓားထိုးသတ်ခဲ့တယ် ဆိုတာမဟုတ်ပါဘူး။

ပို့စ်တင်ချိန် - 5/07/2014 12:31:00 PM


သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ (င။က)ရပ်ကွက် သာယာကုန်း (၂) လမ်းရှိ ပဲကြော်တန်း လမ်းထိပ်တွင် ဧပြီလ ၂၆ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့သော လူသတ်မှုမှ ထွက်ပြေး တိမ်းရှောင်နေသူ အသက် ၂၆ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သုဝဏ္ဏ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

သုဝဏ္ဏမြို့ (င။ခ) ရပ်ကွက် ဇာဝေရာလမ်းတွင် နေသူ အသက် ၃၄ နှစ်အရွယ်ရှိ ကိုစိုးမင်းအောင်မှာ ယင်းနေ့ညက အဆိုပါ ပဲကြော်တန်း လမ်းထိပ်သို့ စက်ဘီးဖြင့် လာစဉ် ယင်းလမ်းတွင် နေထိုင်သူ ကိုရဲဇော်ဦးနှင့် တွေ့ဆုံရာမှ စကားများ ရန်ဖြစ်ကြောင်း၊ ယင်းနောက် လုံးထွေး သတ်ပုတ်ကြပြီး ကိုစိုးမင်းအောင်၏ ဘယ်ဘက် ရင်အုံနှင့် ချိုင်းအောက်တွင် ဓားထိုးခံရကြောင်း၊ ယင်းကြောင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့ကြောင်း ခိုက်ရန်ဖြစ်ပွားစဉ် မျက်မြင်တွေ့ရှိခဲ့သူ ကိုရဲဇော်ဦး၏ ဇနီးဖြစ်သူက ပြောကြားသည်။

“အခု ဓားနဲ့ ထိုးခံရလို့ သေဆုံးသူ အမျိုးသားကို ကျွန်မယောက်ျားက သဝန်တိုပြီး ဓားထိုးသတ်ခဲ့တယ် ဆိုတာက မဟုတ်ပါဘူး။ ကျွန်မ အိမ်ထောင်မကျခင် ၂ နှစ်လောက်က သူနဲ့ချစ်သူတွေ ဖြစ်ခဲ့ပေမယ့် အိမ်ထောင်ကျချိန် သူနဲ့ ကင်းကင်းရှင်းရှင်း နေခဲ့တာပါ။ ကျွန်မယောက်ျားကို သူက ဖုန်းနဲ့ မကြာခဏ ရန်စကား ပြောတာမျိုးတွေကြောင့် သေဆုံးခဲ့သူရဲ့ မိသားစုနဲ့ သူတို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို တိုင်ကြားခဲ့သေးတယ်။ အခုဖြစ်ခဲ့တာလည်း နှစ်ယောက်ဆုံပြီး စကားများရာကနေ ဓားထိုးမှု အဆင့်ထိ ဖြစ်သွားရတာပါ” ဟု အဆိုပါ အမျိုးသားနှစ်ဦး လုံးထွေး သတ်ပုတ်စဉ် ဝင်ရောက်ဆွဲခဲ့သော ကိုရဲဇော်ဦး၏ ဇနီးက ရှင်းပြသည်။

အဆိုပါ ဓားထိုး လူသတ်မှုတွင် အသတ်ခံရသူ အမျိုးသားက ခိုက်ရန် ဖြစ်ပွားစဉ် ယင်းလမ်းရှိ နေအိမ်တစ်လုံးမှ ဓားယူဆောင်၍ ကိုရဲဇော်ဦးကို ထိုးရန် ကြံစည်ကြောင်း၊ ယင်းကြောင့် ၎င်းက ဓားကို ပြန်လည် လုယူ၍ ထိုးခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ဇနီးက ပြောကြားသည်။

သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်မိုးကမူ “ပဲကြော်တန်း လမ်းဆိုတာ အရမ်းလူရှုပ်တဲ့ နေရာ။ ဖြစ်တဲ့အချိန်က ဗလီတက်ချိန်မို့ လမ်းပေါ်မှာ လူတွေ အများကြီး ရှိတယ်လေ။ ဒါပေမဲ့ သူတို့ဘက်က ပြောသလို ကျွန်တော့်ညီနဲ့ ဓားထိုးခဲ့သူ နှစ်ယောက် လုံးထွေး သတ်ပုတ်နေတယ် ဆိုတာရယ်၊ ပြီးတော့ ကျွန်တော့်ညီက အဲဒီလမ်းထဲက အိမ်ပေါ်တက်ပြီး ဓားတက်ယူခဲ့တယ်လို့ ဆိုရင် မျက်မြင်သက်သေတွေ ရှိရမှာပေါ့။ ဒါပေမဲ့ အခု ဘယ်သူ့မေးမေး မသိကြဘူး ဖြစ်နေတယ်။ ပြီးတော့ ရပ်ကွက်ထဲမှာ ကြားနေရတာက ကျွန်တော့်ညီကို နောက်ကနေ ဓားနဲ့ ထိုးခံလိုက်ရလို့ အိမ်ထဲ ဝင်ပြေးခဲ့တာ။ ဆေးရုံရောက်ချိန် Pressure က ဇီးရိုး ဖြစ်နေတာကြောင့် စကားမေးမရခဲ့ဘူး” ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူက ရှင်းပြသည်။

ယင်းဓားထိုး လူသတ်မှုနှင့် ပတ်သက်၍ သုဝဏ္ဏနယ်မြေ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိများက ပဲကြော်တန်း လမ်းထိပ်တွင် နေထိုင်သူများကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသူ ကိုရဲဇော်ဦးကို ဖမ်းဆီးရမိရေးအတွက် (ပ) ၁၃၃/၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း အတည်ပြု ပြောကြားသော်လည်း ဖြစ်စဉ် အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိသေးပေ။
The Voice Weekly