PCO နေ့စားဝန်ထမ်းများကို အလုပ်ခန့်အပ်ပေးသွားမည်

ပို့စ်တင်ချိန် - 5/07/2014 02:21:00 PM




မို့မို့ကြည်| ဗုဒ္ဓဟူးနေ့၊ မေလ ၇ ရက် ၂၀၁၄ ခုနှစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၀န်ကြီးဌာနမှ ခွဲထွက်ပြီး မိုဘိုင်းအော်ပရေတာအဖြစ် ပြောင်းလဲလုပ်ကိုင်ပြီးနောက်ပိုင်းတွင် လက်ရှိနေ့စားဝန်ထမ်းများဖြစ်သော PCO ၀န်ထမ်းများကို ကျွမ်းကျင်မှုပေါ် မူတည်ပြီး အလုပ်အကိုင်ခန့်ထားပေးရန်
ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာမှူး ဦးငွေသောင်းက မဇ္ဈိမကို ပြောသည်။

ယင်းသို့ အလုပ်အကိုင်ခန့်ထားရန် ဆွေးနွေးရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင် မည့် ဂျပန်ကုမ္ပဏီတစ်ခုနှင့် ဆွေးနွေးနေခြင်း ဖြစ်သည်။
ဦးငွေသောင်းက “ဖွဲ့စည်းမှုပုံစံက လူအင်အားနေရာ ချထားမှုပုံစံတွေမှာ ဂျပန်ကုမ္ပဏီဘက်က ပါလာမယ်၊ နည်းပညာပိုင်းဆိုင်ရာတွေမှာလည်း ဂျပန်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အားဖြည့်ဖွဲ့စည်းမယ်။

နောက်ပိုင်းမှာ PCO တွေက ၀န်ထမ်းတွေမရှိတော့ဘူး အဲဒီအတွက် PCO၀န်ထမ်းတွေကို ကျွမ်းကျင်တဲ့လုပ်ငန်းပေါ်မှာ မူတည် ပြီး အလုပ်ခန့်အပ်ပေးဖို့ ဆွေးနွေးနေပါတယ်” ဟု ပြောသည်။

ထို့ပြင် မြန်မာဆက်သွယ်ရေးလုပ်ငန်း နှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်း၍ ဖုန်းလိုင်းတိုးချဲ့ခြင်းလုပ်ငန်းများ၊ ပရို မိုရှင်းလုပ်ငန်းများ၊ Marketing ပိုင်းစသည့်လုပ်ငန်းများကို နိုင်ငံတကာနည်းတူ အဆင့်မြှင့်တင်လုပ်ဆောင် ပေးသွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းသို့ PCO ၀န်ထမ်းများကို အလုပ်ခန့်ထားခြင်းနှင့် ပတ်သက်ပြီး ဆူးလေဘုရားအနီးရှိ PCO ဖုန်းဆိုင်မှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက “အခုဖုန်းတွေ ပိုများလာတော့ PCO သိပ်မသုံးကျတော့ဘူး၊ သုံးတဲ့ လူတော့ ရှိတယ်၊ လစာကလဲ သိပ်မရဘူး၊ ဖုန်းခေါ်တဲ့ လူတွေများမှ ပိုက်ဆံရတာဆိုတော့ အလုပ် သိပ်မဖြစ်တော့ ဘူး၊ အစ်မတို့ကို အလုပ်ပြန်ခန့်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ PCO စခန်းပေါင်း ၁၂,၅၀၀ ကျော်ရှိပြီး ၀န်ထမ်းအင်အား နှစ် ထောင်ကျော်နှင့် လည်ပတ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာရင်းများအရ သိရသည်။ လက်ရှိ တွင် မြန်မာတစ်နိုင်ငံလုံး၌ PCO ၀န်ထမ်းပေါင်း သုံးသောင်းကျော်ရှိသည်ဟုလည်း ဦးငွေသောင်းကခန့်မှန်း ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နောက်ပိုင်းတွင် ၀န်ကြီးဌာနမှခွဲထွက်ပြီး ကိုယ်ပိုင် အော်ပရေတာ အဖြစ် လုပ်ကိုင်သွားမည်ဖြစ်သည်။ ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း အပါအ၀င် ပြည်ပအော်ပရေတာ နှစ်ခုနှင့် ပြည်တွင်း အော်ပရေတာ ရတနာပုံတယ်လီပို့ တို့က လုပ်ကိုင်မည် ဖြစ်သည်။

လက်ရှိတွင် ပြည်ပအော်ပရေတာ နှစ်ခုဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့က လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။

Mizzima - News in Burmese