လိုင်စင်မရှိဘဲ ရဲတပ်ကြပ်ကြီး အငှားယာဉ်မောင်းရာမှ လူနှစ်ဦးနှင့် ယာဉ်နှစ်စီးကို ၀င်တိုက်မိ

ပို့စ်တင်ချိန် - 5/07/2014 02:30:00 PM


ဖြိုးဝေလင်း၊ ကျော်စိုးမိုး
ရန်ကုန်၊ မေ ၆

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တပ်ကြပ်ကြီးအဆင့်ရှိ ၀န်ထမ်းတစ်ဦးသည် ယာဉ်မောင်းလိုင်စင်မရှိဘဲ အငှား ယာဉ်တစ်စီးကို မောင်းနှင်ခဲ့ပြီး လူနှစ်ဦးနှင့် ယာဉ်နှစ်စီးကို ၀င်ရောက်တိုက်မိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ဆူးလေဘုရားဘက်မှ လမ်း (၄၀)ဘက်သို့ ရန်ကုန် တိုင်းရဲတပ်ဖွဲ့ (အကူတပ်ဖွဲ့ခွဲ)၊ လုံခြုံရေးတပ်ဖွဲ့ခွဲ(၁)မှ ရဲတပ်ကြပ်ကြီး ဦးကျော်ကျော် မောင်းနှင်လာသည့် ပရိုဘောက် အဖြူရောင်အငှားယာဉ်သည် မဟာဗန္ဓုလပန်းခြံလမ်းဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် လမ်းဖြတ် ကူးသူ အသက်(၆၀)ကျော်အရွယ် အမျိုးသားတစ်ဦး နှင့် အသက်(၈၀)ကျော် အမျိုးသမီးကြီး တစ်ဦးကို ၀င် ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ပန်းခြံလမ်း၏ လက်ဝဲဘက်တွင် ရပ်ထားသည့် ဟိုင်းလတ်အဖြူ ရောင် ကိုယ်ပိုင်ယာဉ်နှင့် ဟွန်ဒါဖစ်ခဲရောင် ကိုယ်ပိုင်ယာဉ်တို့ကို ဆက်တိုက် တိုက်မိခဲ့ပြီး ယာဉ်တိုက်ခံရသော အမျိုး သားနှင့် အမျိုး သမီးမှာ ဒဏ်ရာအသီးသီး ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် မစိုးရိမ်ရ လူနာအဖြစ် ကုသမှုခံနေရသည်။

“ရဲဝန်ထမ်းဆိုပေမယ့်လည်း ယာဉ်မောင်းမယ်ဆို လိုင်စင်ရှိမှ မောင်းလို့ရတာ။ နောက်ပြီး တာဝန်ထမ်း ဆောင်ချိန် ရုံးကားနဲ့ ဖြစ်တာမဟုတ်ဘူး။ အပြင်အငှားယာဉ်ပေါ် တက်မောင်းရင်း ဖြစ်တာဆိုတော့ တခြား ယာဉ်တိုက်မှုတွေကို အရေးယူတဲ့ စည်းမျဉ်းအတိုင်းပဲ အရေးယူသွားမှာပါ” ဟု ရန်ကုန်တိုင်း အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ရဲအုပ်တစ်ဦးက ပြောသည်။

အမှုနှင့်စပ်လျဉ်း၍ ယာဉ်မောင်း ဦးကျော်ကျော်ကို အရေးယူပေးရန် ကျောက်တံတားမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့ စု(၃၃)မှ ရဲအုပ် အောင်လှိုင်စိုး၏ တိုင်ကြားမှုကို ကျောက်တံတားမြို့နယ် ရဲစခန်းက အမှုဖွင့်စစ် ဆေးနေသည်။

Mizzima - News in Burmese