အယ်လ်ဘမ်သစ် မျက်နှာဖုံးကို မိတ်ဆက်ပြသလိုက်သည့် ဂျနီဖာလိုပက်ဇ်

ပို့စ်တင်ချိန် - 5/07/2014 02:31:00 PM


ဂျနီဖာလိုပက်ဇ်က သူမ၏ အယ်လ်ဘမ်သစ်အတွက် မျက်နှာဖုံးကို မိတ်ဆက်ပြသလိုက်ပြီ ဖြစ်သည်။ အသက်(၄၄)နှစ်ရှိ ဂီတကြယ်ပွင့်သည် သူမ၏ နာမည်ကျော် ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို ထင်ရှားနေစေသည့် အသားကပ် ဝတ်စုံကို ဒဿမမြောက် စတူဒီယို အယ်လ်ဘမ် မျက်နှာဖုံးအတွက် ရွေးချယ်လိုက်သည်။ အဆိုပါ အယ်လ်ဘမ်ကို A.K.Aဟု အမည်ပေးထားကြောင်းလည်း သိရှိရသည်။

ဂျနီဖာသည် နီရဲတောက်ပပြီး ဆွဲဆောင်မှု ပြင်းပြသည့် ဖက်ရှင်မျိုးကို အနီရောင်နောက်ခံ၊ ရွှေရောင်စာလုံးများနှင့် လိုက်ဖက် ပနံရစွာ ဖန်တီးထားသည့် အယ်လ်ဘမ် မျက်နှာဖုံးအား ပရိသတ်များထံ ဂုဏ်ယူစွာ မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ဂျနီဖာက “A.K.A၊ ဒဿမမြောက် အယ်လ်ဘမ်၊ မကြာခင် ထွက်ရှိလာပါမယ်”ဟု Twitterတွင် ရေးသားထားကာ ယင်းဓာတ်ပုံကို လွှင့်တင်ထားခြင်း ဖြစ်သည်။ ဂျနီဖာသည် အဆိုပါ ဓာတ်ပုံကို ထုတ်ဖော်မပြမီ တစ်ချိန်လုံးလိုလို အယ်လ်ဘမ်သစ်၏ အမည်ကို လျှို့ဝှက်ထားခဲ့သည်။ အယ်လ်ဘမ်သစ်တွင် ပါရှိသော သီချင်းများသည် ဂျနီဖာ၏ ယခင် ချစ်သူဟောင်းများနှင့် ဆက်ဆံရေးအကြောင်း တစ်စွန်းတစ်စ ထင်ဟပ်နေမည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

ဂျနီဖာသည် ယခင်က အိမ်ထောင်(၃)ဆက် ကျခဲ့ဖူးပြီး လတ်တလောတွင်မူ အကသမား ကက်စ်ပါစမတ်နှင့် တွဲနေသည်မှာ (၃)နှစ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဂျနီဖာ အနေဖြင့် ဂီတအလုပ်များဖြင့် မအားမလပ် ရှိနေသလို တစ်ဖက်တွင်လည်း American Idol အစီအစဉ်အတွက် ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ရင်း ရုပ်မြင်သံကြား နယ်ပယ်တွင်ပါ အချိန်ပေးနေရဆဲ ဖြစ်သည်။

Planet Myanmar Network