ပဲခူးတိုင်းဝန်ကြီးချုပ်သတင်း ရွှေမော်ဓောဂေါပက ရှင်းလင်း

ပို့စ်တင်ချိန် - 5/16/2014 02:03:00 AM


ကဆုန်လပြည့်နေ့  ရွှေမော်ဓောစေတီကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ သွားရောက်ရာမှာ
ဝန်ကြီးချုပ်ယာဉ်တန်းထဲက ကားတွေ ဘုရားရင်ပြင်ပေါ်အထိ  တက်ရောက်ခြင်း၊ ရင်ပြင်ပေါ် ဖိနပ်စီးခြင်း
လုံးဝ မရှိဘူးလို့ ဂေါပက အတွင်းရေးမှူး ဦးကြည်ဝင်းက ပြောဆိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
“ဒီလို မဟုတ်မမှန် လုပ်ကြံပြောကြတာကို ရပ်တန်းက ရပ်စေချင်ပါတယ်” လို့ ဦးကြည်ဝင်းက ပြောကြောင်း ရေးထားတဲ့ သတင်း အပြည့်အစုံကို ကူးယူ ဖော်ပြပါတယ်။
ပဲခူးမြို့၊ ရွှေမော်ဓောစေတီ၌ ကဆုန်လပြည့်နေ့ တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းနှင့် အဖွဲ့ဝင်များ ညောင်ရေသွန်းလောင်း
===================================
ပဲခူး မေ ၁၅
==================================
၁၃၇၆ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ၌ ကျင်းပသည့် ကဆုန် ညောင်ရေသွန်း ပွဲတော်သို့ ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းနှင့် တိုင်းဒေသကြီး ၀န်ကြီးများ တက်ရောက်ခဲ့ ကြသည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များ တက်ရောက်သည့် မြောက်ဘက်မုခ်သို့ မော်တော်ကားများ ဆိုက်ရောက်ပြီး ကားပေါ်မှဆင်း၍ စုပေါင်း ညောင်ရေသွန်းမည့် နေရာသို့ လမ်းလျှောက် သွားရောက်ကာ ဆရာတော်ကြီး များထံမှ တရား နာယူကြသည်။
ထို့နောက် ညောင်ရေသွန်းခြင်းကို ဆောင်ရွက်ရန် သံဃာတော်များ ဦးဆောင်၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ၀တ်အသင်းအဖွဲ့များက ဘုရားကြီးအား တစ်ပတ်ပတ်ကာ ကြည်ညို ကြပြီး ကဆုန် ညောင်ရေ သွန်းလောင်းခဲ့ကြသည်။

အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် ရွှေမောဓော ဘုရားရင်ပြင်ပေါ် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အဖွဲ့၏ ကားများ တက်ရောက်မှု၊ ဘုရားပေါ်တွင် ဖိနပ်စီးမှု စသည့် သတင်းများနှင့် ပတ်သက်၍ သိရှိနိုင်ရန် ရွှေမော်ဓော ဂေါပကမှတာဝန်ရှိသူများကို မေးမြန်းခဲ့ရာ ဂေါပကအဖွဲ့ဝင် ဦးဝင်းမောင်က “အဲဒီ သတင်းက အမှန်မဟုတ်ပါဘူး။ ရင်ပြင်ပေါ်အထိ ကားတွေ တက်တာလည်း မဟုတ်ပါဘူး။ ရှင်းအောင် ပြောရရင်
ဂေါပကအဖွဲ့က သတ်မှတ်ထားတဲ့ကားတွေရှိပါတယ်။ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ မကျန်းမမာဖြစ်နေတဲ့ ဘုရားဖူးတွေရဲ့ကားကို
ကျောက်ပန်းတောင်း ဓမ္မာရုံ အနီးအထိ ခွင့်ပြု ထားပါတယ်။ ပဋ္ဌာန်းပွဲ ကျင်းပတဲ့ အချိန်မှာ အလှူရှင်တွေ ပစ္စည်းသယ်ဖို့ စေတီရင်ပြင်
ဂေါပကရုံးရှေ့ထိ ခွင့်ပြုထားပါတယ်။ ၀န်ကြီးချုပ်တို့ ကတော့ ဘုရားရင်ပြင် ပေါ်တက်တာကတော့ ခြေလျင်ပါပဲ၊ ရင်ပြင်တော်ကို ကားနဲ့ ဖြတ်မောင်းတာလည်း မဟုတ်ပါဘူး၊ ကားပေါ်က ဆင်းပြီးတော့
လျှောက်လမ်းကနေ လျှောက်တာပါ” ဟု ဖြေကြားခဲ့သည်။

ဂေါပက အတွင်းရေးမှူး ဦးကြည်ဝင်း ကလည်း “၀န်ကြီးချုပ်တို့က ကားပါကင်မှာ ရပ်ပြီး စေတီ ရင်ပြင်တော်ကို ခြေလျင်ပတ်တက်တာပါ။ ဒီနှစ် ၀န်ကြီးတွေရော၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တော်တော်များများ လာကြ ပါတယ်။ အဲဒါကြောင့် ကားများသွားပြီး တန်းစီသလို ဖြစ်သွားတာပါ။ ၀န်ကြီးချုပ်ကား ပြန်အဆင်းမှာ ရှင်းလောင်း လှည့်လာတာကို တွေ့လို့ ဦးစား ပေးလိုက်တော့ ကားတွေက တန်းစီသလို ဖြစ်သွားတာပါ။ သက်ကြီး ရွယ်အို လမ်းမလျှောက်နိုင်တဲ့ သူတွေကိုလည်း ဂေါပကရုံး ရှေ့မှာ ကားခဏ ရပ်နားထားဖို့ ခွင့်ပြု ပေးထားတာ ရှိပါတယ်။ ကားတွေက
ကျောက်ပန်းတောင်း ဓမ္မာရုံရှေ့မှာ ကားကြပ်နေလို့ ဒီလိုဖြစ်သွားတာပါ။ ကျန်အချိန်တွေမှာ ကားမ၀င်ရဆိုပြီး ပိတ်ထားပါတယ်။ ဒါပေမယ့် ဂေါပကကို သတင်းပို့တဲ့အခါ ဥပမာ အရေးကြီးတဲ့ နိုင်ငံခြား ဧည့်သည်တွေ လာမယ်ဆိုရင်လည်း ခွင့်ပြုပေးပါတယ်။ ကားနဲ့စေတီတော်ရင်ပြင်အထိ တက်တယ်လို့ အင်တာ နက်မှာ ပျံ့နှံ့နေတာ တကယ်ကို ကြားလို့ မကောင်းပါဘူး။ အကြောင်းအရာကို သေချာမသိတဲ့ ပြည်သူတွေက အထင်လွဲကြမှာပေါ့၊ ဒီလို မဟုတ်မမှန် လုပ်ကြံပြောကြတာကို ရပ်တန်းက ရပ်စေချင်ပါတယ် ” ဟု ပြောကြားခဲ့ သည်။

Irrawaddy