တောင်ကြီးကွင်းကို KBZ FC ဘောလုံးအသင်း ဘာ့ကြောင့်ပြန်အပ်တာလဲ

ပို့စ်တင်ချိန် - 5/16/2014 02:09:00 AM


တောင်ကြီးမြို့မှာရှိတဲ့ ကမ္ဘောဇဘောလုံးအသင်းရဲ့ အိမ်ကွင်းကို ရှမ်းပြည်နယ်အစိုးရဆီ ပြန်အပ်လိုက်ပြီလို့ ဆိုပါတယ်။ ၃နှစ် အခမဲ့ငှားရမ်းခဲ့ပြီးမှ နှစ် ၃ဝ ငှားရမ်းဖို့ သဘောတူထားပေမယ့် အခုတော့ ဘယ်လိုကြောင့် ပြန်အပ်တော့မှာလဲ။

ရှမ်းပြည်နယ် တောင်ကြီးကွင်းဟာ ဘောလုံးကွင်း အင်္ဂါရပ်နဲ့ မညီပေမယ့် အကောင်းဆုံး ကွင်းတစ်ခုဖြစ်နေ တာကြောင့် ကျောင်းအလိုက် ဘောလုံးပွဲတွေ၊ ပြည်နယ် ပြိုင်ပွဲတွေရှိနေတာမို့ ကမ္ဘောဇအသင်းရဲ့ ဘောလုံးရာ သီတွေနဲ့ ထပ်နေလို့ ပြန်လည်ပေးအပ်လိုက်တာပါလို့ ဆိုပါတယ်။

ရွှေအင်းကြင်းအိမ်ရာက ကမ္ဘောဇ FC အသင်းရုံးမှာ မေလ ၁၅ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ပြည်နယ်အားကစားသမားတွေကို အရည်အသွေးထုတ်ဖော်စေလိုတဲ့ ဆန္ဒနဲ့ ပြန်လည်ပေးအပ်တာလို့ ဆိုပါတယ်။

ကမ္ဘောဇအသင်းအနေနဲ့ တောင်ကြီးကွင်းကို စွန့်လွှတ်ပြီး ပြည်နယ်ပြိုင်ပွဲတွေကနေ ပေါ်ထွက်လာမယ့် ဘောလုံးကစားသမားတွေကို မွေးထုတ်သွားဖို့ စီစဉ်မယ်လို့ ဆိုပါတယ်။ မကြာခင်မှာလည်း ရှမ်းပြည်နယ်ထဲမှာ အားကစားကွင်း အင်္ဂါရပ်နဲ့ပြည့်စုံတဲ့ ကွင်းသစ်တစ်ခုကို ဖော်ထုတ်ဖို့ ပြည်နယ်အစိုးရဆီ ခွင့်ပြုချက်ယူသွားမယ်လို့ ဆိုပါတယ်။
Kamayut Media