ပေါက်မြို့နယ်မှ စီမံကိန်းသည် သာမန်လက်နက်စက်ရုံ တစ်ခု မဟုတ်ဘဲ တန်ဖိုးမြင့် ကာကွယ်ရေးစီမံကိန်း တစ်ခု ဖြစ်ဖွယ်ရှိဟု CNS ဆို

ပို့စ်တင်ချိန် - 5/16/2014 02:14:00 AM


ဘန်ကောက်၊ မဇ္ဈိမ။ ။ ဇန်နဝါရီလ အတွင်းက Unity ဂျာနယ်က ဖော်ပြခဲ့သော၊ မြန်မာနိုင်ငံအနေဖြင့် ဓါတုလက်နက်စက်ရုံ တစ်ခုအား လျှို့ဝှက်တည်ဆောက်ခဲ့သည်ဆိုသော သတင်းတွင်ပါရှိသည့် မကွေးတိုင်း ပေါက်မြို့နယ်အနီးမှ စစ်ဘက်အဆောက်အဦးသည် တန်ဖိုးမြင့် ကာကွယ်ရေး စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ လုံခြုံရေးအစီအမံများ၊ စစ်တန်းလျားပုံစံ အဆောက်အဦးများ နှင့် ရဟတ်ယာဉ်အတက်အဆင်းပြုလုပ်ရန် နေရာများက ညွှန်ပြနေသည်ဟု ဖျက်အားပြင်းလက်နက်များ မပြန့်ပွားရေးဆိုင်ရာ သုတေသန ဌာန (CNS) က မေလ ၉ရက်က ထုတ်ပြန်ခဲ့သည်။

ဆက်သွယ်ရေးဂြိုဟ်တု ဓာတ်ပုံများကို လေ့လာစစ်ဆေး၍ CNS အဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Unity ဂျာနယ်၏ ဆောင်းပါးပါ ဓာတ်ပုံ၊ ဧရာဝတီဝက်ဘ်ဆိုဒ်မှ ရရှိသော ဓာတ်ပုံများနှင့် ၂ဝဝ၄ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်၊ ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ရိုက်ကူးထားခဲ့သော ဆက်သွယ်ရေးဂြိုဟ်တု ဓာတ်ပုံများကို နှိုင်းယှဉ်လေ့လာခဲ့ခြင်း ဖြစ်ကြောင်း Catherine Dill နှင့် Jeffrey Lewis တို့ ပူးတွဲ ရေးသားခဲ့သော ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။

ရွာသားများ၏ မြေများ အသိမ်းခံခဲ့ရသည်ဆိုခြင်းမှာ မှန်ကန်ကြောင်းလည်း ဓာတ်ပုံများကို နှိုင်းယှဉ်လေ့လာမှုများ အရ အတည်ပြုနိုင်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။ အဖျက်စွမ်းအားကြီးမားသော လက်နက်များ မပြန့်ပွားရေးနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုအပေါ် မေးခွန်းထုတ်စရာများ ပေါ်လာကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ထောက်ပြထားသည်။

ထို့ပြင် Unity ဂျာနယ်မှ သတင်းထောက်များအား ဖမ်းဆီးထိန်းသိမ်းရန် အစိုးရက ဆုံးဖြတ်ခဲ့ခြင်းနှင့် ထိုဆောင်းပါး ပါရှိသော ဂျာနယ်များအား သိမ်းဆည်းရန် ကြိုးစားခဲ့ခြင်းကြောင့် သံသယဝင်စရာ ပိုကောင်းသွားသည်ဟုလည်း ထုတ်ပြန်ချက်ကဆိုခဲ့သည်။

ထိုစီမံကိန်းအနေဖြင့် ဓာတုဗေဒလက်နက် စက်ရုံ စီမံကိန်း တစ်ခု ဟုတ်မဟုတ် အတည်ပြုဆုံးဖြတ်ရန် မဖြစ်နိုင်သော်လည်း၊ ထိုနေရာ၏ အရွယ်အစား၊ ပုံစံ နှင့် တည်နေရာများအရ ပုံမှန်လက်နက်စက်ရုံမျိုး မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

မြန်မာအစိုးရကမူ Unity ဂျာနယ်ပါ စွပ်စွဲချက်ကို ငြင်းဆန်ထားခဲ့သည်။

၂ဝဝ၄ခုနှစ် ဆက်သွယ်ရေး ဂြိုဟ်တုဓာတ်ပုံတစ်ခုက၊ ထိုနေရာတွင် လယ်ယာမြေများသာ ရှိခဲ့ကြောင်း ညွှန်ပြနေသော်လည်း၊ ၂ဝဝ၉ ခုနှစ် ဂြိုဟ်တုဓာတ်ပုံ တစ်ခုအရ၊ ပထမဆုံးအဆောက်အဦး ဆောက်လုပ်ရေး ကနဦးအဆင့် အခြေအနေကို တွေ့ရှိရသည်ဟုလည်း ရေးသားထားသည်။ ၂ဝ၁၂ ခုနှစ်က ဓာတ်ပုံများနှင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလက ရိုက်ကူးခဲ့သော ဓာတ်ပုံတစ်ခုကမူ၊ စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများ၏ နောက်ဆုံးအဆင့်များကို ညွှန်ပြနေကြောင်းလည်း ထုတ်ပြန်ချက်က ဆိုခဲ့သည်။

Mizzima Burmese