MERS သည် တစ်ကမ္ဘာလုံးကို မကူးစက်နိုင်သေးဟု WHO ကြေညာ

ပို့စ်တင်ချိန် - 5/16/2014 02:15:00 AM




MERS ရောဂါပိုးသည် သတိပြုရမည့် အခြေအနေ ကျယ်ပြန့်ကြီးထွားလာနေသော်လည်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာကြီး တစ်ခုအဖြစ် အရေးပေါ် သတ်မှတ်ကြေညာရန် မလိုအပ်သေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO)က ကြေညာခဲ့သည်။ (၂၀၁၂)ခုနှစ် ကတည်းက စတင်တွေ့ရှိခဲ့သည့် ရောဂါပိုးသည် ဆော်ဒီအာရေဗျ တစ်နိုင်ငံတည်းတွင်ပင် လူပေါင်း (၄၃၆)ဦးထိ ပျံ့နှံ့ ကူးစက်ခဲ့ပြီး ဖြစ်သည်။ WHO၏ အရေးပေါ် အခြေအနေ သတ်မှတ်ကြေညာရေး ကော်မတီက အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို အတိုချုပ် ခေါ်ဝေါ်သည့် MERSသည် တစ်ကမ္ဘာလုံးအတွက် သတိပြုရမည့် အခြေအနေထိ မရှိသေးဟု ဆိုသည်။ အထူးသဖြင့် MERS ရောဂါပိုးသည် လူသားအချင်းချင်း ကူးစက်နိုင်ကြောင်း ခိုင်မာတိကျသည့် အထောက်အထားမျိုး မတွေ့ရသေးချေ။

MERS၏ ခြိမ်းခြောက်မှုသည် ဆော်ဒီတွင် ကြီးကြီးမားမား သက်ရောက်နေသလို အရှေ့အလယ်ပိုင်း အိမ်နီးချင်း နိုင်ငံများအတွက်လည်း စိုးရိမ်စရာ ဖြစ်နေရသည်။ MERSသည် သေနှုန်းမြင့်မားသည့် ရောဂါတစ်ခု ဖြစ်သော်လည်း (၂၀၀၂)ခုနှစ်က တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ခဲ့သည့် SARS ရောဂါပိုးလောက် လူသားမျိုးနွယ်ကို ခြောက်လှန့်နေနိုင်မည် မဟုတ်ဟု WHOက ယုံကြည်ထားသည်။ MERSသည် SARSကဲ့သို့ပင် အဆုတ်တွင် ရောဂါပိုးမွှား ဝင်ရောက်ပြီး ချောင်းဆိုးခြင်း၊ အသက်ရှူရန် ခက်ခဲခြင်း အစရှိသည့် ရောဂါလက္ခဏာများ ပြသလေ့ရှိသည်။ MERSက သေဆုံးနှုန်း ပိုမြင့်သော်လည်း SARSကမူ ကူးစက်မှု ပိုမိုမြန်ဆန် လွယ်ကူလေ့ရှိသည်။ MERS၏ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုမှာ ကျောက်ကပ်ကို ရုတ်တရက် ပြင်းပြင်းထန်ထန် ထိခိုက်စေတတ်ခြင်း ဖြစ်သည်။

 WHOက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ “အရေးပေါ် အခြေအနေ သတ်မှတ်ကြေညာရေး ကော်မတီ အနေနဲ့ MERSရဲ့ အခြေအနေဟာ နိုင်ငံတကာအဆင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ အရေးပေါ်အခြေအနေ စံနှုန်းကို မရောက်သေးဘူးလို့ အတည်ပြုပါတယ်”ဟု ဖော်ပြထားသည်။ ရက်ဒင်းတက္ကသိုလ်မှ ဒေါက်တာ ဘန်နျူမန်ကမူ “ဒါဟာ အတိုင်းအတာ တစ်ရပ်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကူးစက်ရောဂါတစ်ခု တိုးပွားဖြစ်ထွန်းနေတယ် ဆိုတာကိုတော့ ခံစားသိရှိနိုင်မှာပါ။ တစ်ကမ္ဘာလုံးမှာလည်း MERSနဲ့ ပတ်သက်လို့ ကြိုတင်ကာကွယ်ရမယ့် အစီအမံတွေ စတင်နေပါပြီ။ အရေးကြီးတဲ့ တစ်ချက်က MERSဟာ လူအချင်းချင်း ကူးစက်မှု မရှိသေးဘူး ဆိုတာပါပဲ။ ရောဂါရဲ့ ပြင်းထန်နှုန်းက သိပ်မြင့်မားတယ်။ ဘာပဲဖြစ်ဖြစ် ဆော်ဒီတစ်နိုင်ငံတည်းမှာ ဒီဗိုင်းရပ်စ် ပြင်းပြင်းထန်ထန် ကူးစက်နေတာဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအရတော့ အရမ်းကို သေးငယ်ပါသေးတယ်”ဟု မှတ်ချက်ပြုသွားသည်။

Planet Myanmar Network