တောင်အာဖရိကမှ ဂူအောင်းလူသားဟိုတယ်

ပို့စ်တင်ချိန် - 5/16/2014 02:01:00 AM


ကမ္ဘာပေါ်တွင် စိတ်ကူးဆန်းဆန်းပြားပြားဖြင့် တည်ဆောက်ထားသည့် ဟိုတယ် အမျိုးမျိုးရှိသည့်အနက် kagga kamma သည် တစ်မျိုးတစ်ဘာသာ ထူးခြားလျှက်ရှိ သည်။ တောင်အာဖရိကရှိ ဟိုတယ်လေးသည်
လာရောက်တည်းခိုသူများကို ကမ္ဘာ ဦးခေတ် ဂူအောင်းလူသားများသဖွယ် ခံစားရအောင် ဖန်တီးပေးနေကြောင်း သိရသည်။

kagga kamma တွင် တည်းခိုဖူးသူများက မိမိတို့သည် Flintstones ကာတွန်း ဇာတ်လမ်းထဲမှ ဇာတ်ကောင်များသဖွယ် အထင်ရောက်သွားရကြောင်း ညွှန်းဆိုသည်။ ဟိုတယ်လေးမှာ ကျောက်ဆောင်ကျောက်သားများနှင့် ကပ်ရပ်တွင် ဂူပုံစံ အတုလေးများ ထွင်းထုဖန်တီးထားခြင်းဖြစ်ပြီး ခေတ်မီအသုံးအဆောင် ပစ္စည်းများ နှင့် ရောစပ်ပေးထားသည်။ ထို့အပြင် သစ်ပင်ငယ်များနှင့် ကျောက်ဂူနံရံများ ဝန်းရံထားသည့် သဘာဝ လေဟာပြင်အိပ်ဆောင်ကဲ့သို့ ထူးထူးခြားခြား ဖန်တီးမှုများလည်း ပါရှိသည်။



kagga kamma နှင့်အလှမ်းမကမ်းတွင် သဘာဝ ကျောက်ဂူငယ်တစ်ခုရှိပြီး ဂူနံရံပေါ်တွင် ရှေးနှစ်ပေါင်း ၆၀၀၀ ခန့်က ဂူအောင်းလူသားများ ရေးဆွဲထားသည့် ပုံ များလည်း ရှိနေသေးသည်။ ထိုဂူငယ်လေးအတွင်းတွင်လည်း ဝင်ရောက်အိပ်စက်နိုင်
ပြီး ဂူအောင်းလူသားများ၏ဘဝကို အပြည့်အဝ ခံစားကြည့်နိုင်မည် ဖြစ်သည်။ ဟိုတယ်ခန်းအားလုံးမှာ သဘာဝကျောက်ဂူငယ် ၁၀ ခုကို ပြန်လည်မွမ်းမံ ပြင်ဆင်ထားပြီး တစ်ညလျှင် ၁၅၅ ပေါင်ဈေးနှုန်းဖြင့် တည်းခိုနိုင်ကြောင်းလည်း သိရှိရသည်။

ဟိုတယ်တွင် ခေတ်မီရေကူးကန်တစ်ခု တည်ဆောက်ထားပြီး သဘာဝ ဘေးမဲ့တောလေးတစ်ခုတွင် မီးပုံပွဲကျင်းပနိုင်အောင်လည်း စီစဉ်ပေးထားသည်။ ၁၉၈၇ ခုနှစ်က အဆိုပါနေရာကို ပိုင်ဆိုင်သူများက ကျောက်တုံးအိမ် အသေးစား လေးတစ်ခုဆောက်လုပ်ကာ သူငယ်ချင်းမိတ်ဆွေများနှင့် အပျော်သဘော တွေ့ဆုံခဲ့ကြသည်။ ထို့နောက် ယင်းနေရာလေးကို လူအများ သဘောကျနှစ်သက်ကြမှန်း
သိရှိလာသည့်နောက် kagga kamma ဟိုတယ်ကို စီမံဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ kagga kamma သည် ကိပ်တောင်းမြို့မှ ကီလိုမီတာ ၂၅၀ မျှကွာလှမ်းပြီး ၁၉၈၈ ခုနှစ်တွင် သဘာဝဘေးမဲ့တောနေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။


World-Myanmar